သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မှု ယူနန်ပြည်နယ်တပ် အားဖြည့်ပါဝင်


တရုတ်-မြန်မာနယ်စပ် လုံခြုံရေးတပ်
တရုတ်-မြန်မာနယ်စပ် လုံခြုံရေးတပ်

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ မြန်မာ-တရုတ်နိုင်ငံနယ်စပ်မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။ တရုတ်စစ်တပ်အနေနဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပြီး အခုလို အင်အားဖြည့် စစ်ရေးလေ့ကျင့်တာကို မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။ တပ်မတော်နေ့ကျင်းပအပြီးနောက်တရက်မှာ ကျင်းပတဲ့ စစ်ရေးလေ့ကျင်မှုနဲ့ ပတ်သတ်လို့ ကိုအောင်အောင်က တင်ပြထားပါတယ်။

တပ်မတော်နေ့ကျင်းပအပြီး နောက်တရက်ဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီး Fang Xin က အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် အခုလို လေ့ကျင့်တာဖြစ်တယ်လို့ပြောကြားကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပေမယ့် ဒီတကြိမ်မှာတော့ ယူနန်ပြည်နယ်တပ်ကနေ အားဖြည့်ပါဝင်ခဲ့ကြောင်း တရုတ်မြန်မာဆက်ဆံရေး အကဲခတ် ဒေါ်လှကျော်ဇောက အခုလိုပြောပါတယ်။

“၂၀၁၅ ခုနှစ်ပထမတခါ ကိုးကန့်စစ်ပွဲဖြစ်ပြီးတော့ သူတို့နိုင်ငံမှာ လူ၅ ယောက်သေပြီးကတည်းက သူတို့က အဲဒီနေရာမှာ စစ်တပ်က နပ်စပ်စခန်းကို လုပ်ထားပြီးတော့ကို အခိုင်အမာတွေထားရှိပြီးသားပါ။ လေယာဉ်ပျံပစ်အမြှောက်တွေနဲ့ ခိုင်ခိုင်မာမာလုပ်ထားပြီးသားပါ။ အဲဒါဟာတွေက Drill ပေါ့နော် လေ့ကျင့်ခန်းလုပ်တဲ့သဘောပါပဲ။ ပုံမှန်လည်း လုပ်နေကြနဲ့ တူပါတယ်။ အခုဟာကတော့ ပြောလိုက်တဲ့ရည်ရွယ်ချက်ကတော့ ၂ ခုရှိပုံရတယ်။ တခုက မြန်မာစစ်တပ်ကို လည်း ၊ အင်အားပြလိုက်ပုံရတယ်။ ဒုတိယတချက်ကတော့ သူတို့ နယ်စပ်မှာရှိတဲ့ တရုတ်လူမျိုးတွေက အစိုး၇က ကောင်းကောင်းမကာကွယ်ဘူးဆိုပြီးတော့ မကျေမနပ်ဖြစ်နေတာကိုလည်း သူတို့က လုံခြုံစိတ်ချရအောင် ပြသလိုက်တာလည်း ပါပါတယ်။”

လွန်ခဲ့တဲ့လပိုင်းတွေအတွင်း အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရစစ်တပ်ကြား တိုက်ပွဲတွေ တကြော့ပြန်ဖြစ်ပွါးလာပြီး ဒုက္ခသည် သောင်းနဲ့ချီ တရုတ်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတာကြောင့် အပစ်အခတ်ရပ်ဆဲဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အခု စစ်ရေးလေ့ကျင့်မှုမှာတော့ အင်အားဘယ်လောက်ပါဝင်သလဲဆိုတာ တိတိကျကျပြောမထားသလို ဘယ်နေရာမှာ လေ့ကျင့်ခဲ့တာလည်းဆိုတာလည်း မသိရပါဘူး။ ဒေါ်လှကျော်ဇောက

“သူတို့က ဒီမှာ Crisis management department ဆိုတာရှိတယ် သူတို့နိုင်ငံတွေမှာ ဥပမာ ငလျင်လှုပ်တာတို့ ဘာတို့ဆိုရင် ချက်ချင်း Helicopter တွေဘာတွေနဲ့ လုပ်တဲ့အဖွဲ့တွေရှိတယ်။ အဲဒါတွေကတော့ အနီးအနားမှာရှိတယ် ဥပမာ- မန်စီလိုနေရာတို့တွေမှာ အဲလိုမျိုးတပ်ခွဲတွေ ကိုထားတယ် Helicopter တွေဘာတွေနဲ့ ။ ကိုးကန့်နယ်စပ်မှာကတော့ ကျမကြားတာကတော့ လေယာဉ်ပျံပစ်အမြှောက်တပ်ခွဲတွေဘာတွေရှိတယ်လို့တော့ ကြားတယ်။ လေတပ်ကတော့ ချမထားသေးဘူး။”

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေအပါအဝင် တိုင်းရင်းသားဒေသက လက်နက်ကိုင် ပဋိပက္ခတွေဟာတိုင်းပြည် အချုပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် အခုလို တိုက်ခိုက်တာဖြစ်ကြောင်း တပ်မတော်နေ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပြီး နောက်တရက်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်တာပါ။ တဖက်မှာလည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းကတရုတ်အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုတလောမှာ တရုတ်အစိုးရက ဘဏ်စာရင်းတွေနဲ့ ပါတ်သတ်လို့ စိစစ်မှုတချို့ လုပ်နေတယ်လို့ ဒေါ်လှကျော်ဇောက ပြောပါတယ်။

“ကိုးကန့်ကလည်း သူက ဘဏ်စာရင်းတွေကို ပိတ်တယ်လို့ပြောတယ်။ မူဆယ်နယ်စပ်တလျှောက်မှာရှိတဲ့ ကုန်သည်တွေလာပြီးထားတဲ့ ဘဏ်စာရင်းတွေလည်း ယာယီ ခဲထားတယ်လို့ပြောတယ် အခုထိတော့ ပြန်မဖွင့်ပေးသေးဘူး။ ဒါကြောင့်မို့ ကုန်သည်တွေတော်တော်တော်ဒုက္ခရောက်နေတယ်။ ကျမတို့ မြန်မာပြည်က ကုန်သည်တွေ၊ မြန်မာမှတ်ပုံတင်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေအကုန်ပိတ်ထားတယ်လို့ပြောတယ်။”

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းတုန်းကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ဒေသခံအာဏာပိုင်တွေဟာ သူတို့နယ်မြေအတွင်း နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ထားတာရှိရင် လာရောက်အပ်နှံကြဖို့ အမိန့်ထုတ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် တရုတ်နိုင်ငံသား သေဆုံးမှုတွေ ရှိသလို မကြာခင်ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရာမှာ အထောက်အကူဖြစ်အောင် တရုတ်ဖက်က အခုလို ဆောင်ရွက်နေတာဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG