သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အနာဂတ်အရေး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဆွေးနွေး


တရုတ်အနာဂတ်အရေး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဆွေးနွေး
တရုတ်အနာဂတ်အရေး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဆွေးနွေး

တရုတ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တိုင်းပြည်အနာဂတ် စီးပွားရေးလမ်းကြောင်းနဲ့ ခေါင်းဆောင် အပြောင်းအလဲ ဆက်ခံမှုတွေ ပြင်ဆင်ဖို့အတွက် ဘေဂျင်းမြို့တော်မှာ အစည်းအဝေးကြီး လုပ်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိ တရုတ်သမ္မတ ဟူကျင်းတောင် ဟာဆိုရင်လည်း သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းကို ၂၀၁၂ မှာ အဆုံးသတ်ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် Stephanie Ho က ဘေဂျင်းမြို့တော်ကနေ သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ အုပ်ချုပ်နေတဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို ဒီနေ့ စတင်လိုက်ပါပြီ။ ဒီအစည်းအဝေးကို လုံခြုံရေး ထူထပ်တဲ့ ဘေဂျင်းမြို့က ဟိုတယ်တခုမှာ လုပ်နေတာပါ။ ရာနဲ့ချီတဲ့ နိုင်ငံတော်အဆင့်နဲ့ ပြည်နယ်အဆင့် အရာရှိတွေဟာ တိုင်းပြည်ရဲ့ နောင်လာမယ့် ၅ နှစ် ဖွံ့ဖြိုးရေး စီမံကိန်းရဲ့ အဓိကအပိုင်းတွေကို ဆွေးနွေးကြဖို့ မျှော်လင့်ရပါတယ်။ ဒီစီမံကိန်းကို ၂၀၁၁ မှာ စမှာဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် Brookings အဖွဲ့ကြီးရဲ့ အကြီးတန်း ပညာရှင်တစ်ဦးဖြစ်တဲ့ ချန်လီ (Cheng Li) က ဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးမယ့်ကိစ္စတွေက စီးပွားရေး စီမံကိန်းတစ်ခု ချမှတ်ဖို့ပါ။ ဒီစီမံကိန်းက လူတွေရဲ့ ဘဝရှင်သန်ရပ်တည်ရေးနဲ့ ပြည်တွင်းသုံးစွဲမှု အခြေအနေတွေကို ရည်ရွယ်ပြီး လုပ်မှာပါလို့ ဆိုပါတယ်။

“အဓိက ဆွေးနွေးမယ့်ကိစ္စကတော့ ၁၂ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အတွက်ပါ။ အထူးသဖြင့် အဓိက အာရုံစိုက် ပြောကြရမှာက လူမှုရေးကိစ္စတွေ၊ ပြီးတော့ တရုတ်နိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်ကို ပိုပြီးတော့ တိုးတက် ကောင်းမွန်လာအောင် လုပ်ဖို့ကိစ္စ၊ နောက်တစ်ခုက ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေပေးရေး ကိစ္စ၊ စတာတွေ ပါဝင်ပါလိမ့်မယ်။”

၄ ရက်ကြာလုပ်မယ့် ဒီအစည်းအဝေး တက်ရောက်သူတွေ အနေနဲ့ သမ္မတ ဟူကျင်းတောင် နဲ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင် တို့ရဲ့ ခေါင်းဆောင်မှုကို ဆက်ခံမယ့် ခေါင်းဆောင်သစ်တွေကို ရာထူးတိုးပေးတာကို အတည်ပြုပေးရဖို့ ရှိပါတယ်။ တရုတ်နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ဒု သမ္မတ ရှီကျင်ပင်း (Xi Jinping) ကို ဗဟိုစစ်ကော်မရှင်ရဲ့ ဒုဥက္ကဌ နေရာကို ရာထူး တိုးပေးမလားလို့ အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ဒီ ဒုဥက္ကဌဟာ မြန်မာပြည်ကို မနှစ် နှစ်ကုန်ပိုင်းတုန်းက လည်ပတ်ခဲ့ဖူးပါတယ်။ အခုလို သူ့ကို ရာထူးတိုးပေးရင်တော့ သူဟာ သမ္မတ ဟူကျင်းတောင် အနားယူရင် သမ္မတ နေရာကိုဆက်ခံဖို့ ဦးစားပေးခံရမှာပါ။ ဒါပေမဲ့ လီ က ဆက်ပြောတာက ရှီ ကို ဒီစစ်ကော်မရှင်နေရာကို ရာထူး တိုးမပေးနိုင်တဲ့ ဖြစ်နိုင်ချေ ၂ ခုရှိတယ်လို့ ဆိုပါတယ်။ ရှီ ကို ပဉ္စမ မျိုးဆက်မြောက် တရုတ်ခေါင်းဆောင်အဖြစ် လက်ခံထားကြပါတယ်။ လီက ပထမ ဖြစ်နိုင်ချေကတော့ အုပ်စုအတွင်း တိုက်ပွဲတွေကြောင့်ပါ။ ဒုတိယ ဖြစ်နိုင်ချေကိုတော့ လီ က အခုလို ပြောပါတယ်။

“ဒုတိယ ဖြစ်နိုင်ချေကတော့ ၂၀၁၂ မှာဖြစ်မယ့် အနာဂတ် ခေါင်းဆောင် အပြောင်းအလဲမှာ ပြိုင်ဆိုင်မှုတွေ ပိုပြီးတော့ လမ်းပွင့်လာနိုင်တာပါ။ အရင် နည်းလမ်းဟောင်းအတိုင်း မလိုက်တော့ဘဲနဲ့ တတိယနဲ့ စတုတ္ထမျိုးဆက်တုန်းက ပြောင်းလုပ်ခဲ့သလိုမျိုးပါ။ အဲဒါမျိုး နောက်ထပ် နည်းလမ်းသစ်တွေ ဖန်တီးပြီးတော့ ပါတီတွင်း ရွေးကောက်မှုတွေ လုပ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒီ ဖြစ်နိုင်ချေဟာလည်း လက်ခံထားနိုင်စရာ ဖြစ်နေပါတယ်။”

မကြာသေးခင်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲလုပ်ဖို့ တောင်းဆိုမှုတွေကလည်း ဒီအစည်းအဝေးကို လွှမ်းမိုးနေပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေး အပြောင်းအလဲ ကိစ္စတွေကိုတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ့် အလားအလာ မရှိပါဘူး။ ဒီလို ပြောင်းလဲဖို့ တိုက်တွန်းမှုတွေဟာ မကြာသေးခင်ကပဲ အပူတပြင်း အာရုံစိုက် ခံလာရပါတယ်။ အခုလို အာရုံစိုက်ခံလာရတာက နိုင်ငံရေးအကျဉ်းသား လူရှောင်ဘို ကို ဒီနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပြီးမှာဖြစ်ပါတယ်။ လူရှောင်ဘို ဟာ နိုင်ငံရေး အပြောင်းအလဲလုပ်ဖို့ စာတမ်း ၂၀၀၈ ကို ဦးဆောင် ရေးခဲ့သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဒီဆုရပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ အငြိမ်းစား အရာရှိကြီးတွေ ပါတဲ့ အုပ်စုတစ်စုက အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုကို ရပ်ဆိုင်ပေးဖို့ အိပ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီဟာကို လက်မှတ်ထိုးခဲ့သူ တစ်ဦးဖြစ်တဲ့ အယ်ဒီတာ တီယာလူ (Tie Liu) က လူတွေကို လွတ်လွတ်လပ်လပ် ပေးပြောရမယ်။ ဒါမှမဟုတ်ရင် ကွန်မြူနစ်ပါတီကြီး ပျက်စီးသွားလိမ့်မယ်လို့ ဆိုပါတယ်။

“အစိုးရရဲ့ ဝါဒဖြန့် လှုံ့ဆော်ရေး အရာရှိတွေက ဒီ အိပ်ဖွင့်ပေးစာကို အင်တာနက် စာမျက်နှာပေါ်ကနေ ဖြုတ်ချလိုက်တယ်။ အခုလို ဖြုတ်ချလိုက်တာဟာ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ငြိမ်သက်သွားအောင် နင်းဖြတ်ချေမွ လိုက်တာဖြစ်တယ်၊ အခုလို လုပ်လိုက်သူတွေဟာ ရာဇဝတ်သားတွေ ဖြစ်တယ်၊” - လို့ တီယာလူ တရုတ်ဘာသာစကားနဲ့ ပြောပါတယ်။

သူကပဲ ဆက်ပြောတာက သူ့လိုပဲ အရင် တရုတ်မျိုးဆက် ခေါင်းဆောင်ဟောင်းတွေဟာ တရုတ်ပြည်ကြီးကို ထူထောင်နိုင်ဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြရပါတယ်။ အခုလို လွတ်လပ်စွာ ပြောဆိုခွင့် အပါအဝင် တခြားကိစ္စတွေကို သူတို့ တောင်းဆိုခဲ့တာက အခြေအနေတွေကို ရှုပ်ထွေးသွားအောင် လုပ်ဖို့ မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ် ပါတီကို အကူအညီပေးဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီပါတီ အစည်းအဝေးကြီးဟာ တနင်္လာနေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကတော့ အဲဒီနောက်ပိုင်းမှာမှ ထွက်လာမှာဖြစ်ပါတယ်။

XS
SM
MD
LG