တရုတ်နိုင်ငံ အနေနဲ့ ပို့ကုန်ထက် သွင်းကုန် ပိုသွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးလိုငွေ အကြီးအကျယ် ပြခဲ့တယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး လိုငွေပြမှုဖြစ်ပါတယ်။
အကောက်ခွန်ဌာနရဲ့ စာရင်းဇယားတွေအရ ဖေဖော်ဝါရီလအတွင်း ပို့ကုန်ပမာဏ ၁၁၄ ဘီလီယံကျော် ရှိခဲ့ပေမဲ့ သွင်းကုန် ပမာဏဟာ ဒေါ်လာ ၁၅၀ ဘီလီယံနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်လာ ၃၁ ဘီလီယံကျော် လိုငွေပြမှုဟာ ၁၉၉၀ ခုနှစ်တွေကတည်းက ပထမဆုံးအကြိမ်ဖြစ်ပြီး လစဉ် ဒေါ်လာ ဘီလီယံအတော်များများ ပိုငွေပြနေခဲ့ရာက ရှားရှားပါးပါး လိုငွေပြလာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ ဥရောပတိုက်အတွင်းက ယူရိုငွေကြေး အသုံးပြုတဲ့နိုင်ငံတွေမှာ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်နေရတာနဲ့ အမေရိကန်စီးပွားရေး ပြန်လည် နာလန်ထူဖို့ နှေးကွေးနေသေးနေတာတွေက တရုတ်နိုင်ငံအတွက် အခုလို ကုန်သွယ်ရေး လိုငွေပြဖို့ ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းအရာတွေ ဖြစ်တယ်လို့ လေ့လာသူတွေ သုံးသပ် ပြောဆိုနေကြပါတယ်။