တရုတ်နိုင်ငံက ငွေကြေးဖောင်းပွမှု လျော့ကျသွားအောင် လုပ်ဆောင်မယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဖွံ့ဖြိုးမှု အတက်အကျ ဖြစ်နေတာကို ရှောင်ရှားဖို့အတွက် ကြိုးစား လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
အင်္ဂါနေ့က အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဝန်ကြီးချုပ်ရဲ့ အဲဒီ ပြောဆိုချက်ဟာ တိုင်းပြည်အတွင်း ဖွံ့ဖြိုး တိုးတက်မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ တချိန်တည်း ဖြစ်ပေါ်နေတဲ့အပေါ် အစိုးရဘက်က စိုးရိမ် ပူပန်နေတယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဝက်သား ထုတ်လုပ် ရောင်းချမှုနှုန်း တိုးမြှင့်ဖို့နဲ့ ဝက်သားဈေး မတက်အောင် ထိန်းချုပ်ထားဖို့တို့အတွက် ဝန်ကြီးချုပ် ဝမ်ကျားဘောင်က အစိုးရ အဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်လို့လည်း အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ တရုတ်လူမျိုးတွေရဲ့ နေ့စဉ် စားသောက်ကုန်တွေထဲ အဓိက အစားအစာဖြစ်တဲ့ ဝက်သားဈေးတွေဟာ မနှစ်ကစပြီး ၅၀% အထိ တက်သွားခဲ့တာပါ။
အစိုးရအနေနဲ့ လက်ရှိ စီးပွားရေး ပေါ်လစီတွေကို ပြောင်းလဲပစ်ဖို့ အစီအစဉ် မရှိသလို ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျအောင် မလျှော့မတင်း ငွေကြေးပေါ်လစီတွေကို ချမှတ် လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံအတွင်းက ပြည်နယ် ၈ ခုက အရာရှိတွေနဲ့ ဆက်တိုက် တွေ့ဆုံပြီး ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာပါ။
တရုတ်နိုင်ငံရဲ့ ကုန်ဈေးနှုန်းတွေဟာ မေလမှာ ၅.၅% လောက် တက်ခဲ့ပေမဲ့ ဇွန်လထဲမှာတော့ ၆.၅% လောက် တက်ခဲ့တယ်လို့ ဆိုပါတယ်။