သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပြန်ဦးမော့ဖို့ တရုတ်ကြိုးပမ်း


ကျဆင်းနေတဲ့ တရုတ်စီးပွားရေး ပြန်လည် ဦးမော့လာစေမယ့် အစီအစဉ်တွေ လုပ်ဆောင်မယ့်အကြောင်း အစိုးရက ကြေညာလိုက်တဲ့အတွက် ကမ္ဘာ့အစုရှယ်ယာ ဈေးကွက်မှာ အရင်နေ့တွေက ဆုံးရှုံးမှုတချို့ကို အင်္ဂါနေ့က ပြန်လည် ရရှိခဲ့ပါတယ်။

တရုတ်ဘဏ်က အတိုးနှုန်းတွေကို ၁ ရာခိုင်နှုန်းရဲ့၄ ပုံ ၁ ပုံ လျှော့ချလိုက်ပြီး ဘဏ်တွေအနေနဲ့လည်း အရန်ငွေပမာဏကို လျှော့သိမ်းထားကြဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဗဟိုဘဏ်က အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူရလွယ်ကူမှာ ဖြစ်သလို၊ ကုမ္ပဏီတွေအနေနဲ့လည်း စက်ရုံတွေ တည်ဆောက်တာ၊ အလုပ်သမားတွေ ငှားရမ်းတာတွေ လွယ်ကူစေမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့အခုလို အရေးယူ ဆောင်ရွက်မှုကြောင့် ရင်းနှီးမြှုပ်နံှသူတွေအကြား ယုံကြည်စိတ်ချမှု ပိုရှိလာပြီး အစုရှယ်ယာတွေ ဝယ်ယူခဲ့တဲ့ အတွက်ေကြောင့် ဥရောပတိုက်က အစုရှယ်ယာဈေးတွေဖြစ်တဲ့ လန်ဒန်မှာ ၃ ရာခိုင်နှုန်း၊ ပဲရစ်မြို့မှာ ၄ ရာခိုင်နှုန်းနဲ့ ဂျာမနီမှာ ၅ ရာခိုင်နှုန်း အသီးသီး ဈေးတက်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက အဓိက အစုရှယ်ယာဈေးဖြစ်တဲ့ Dow Jones ဟာလည်း အစောပိုင်းမှာ တက်နေခဲ့ရာက ဈေးပိတ်ချိန်မှာ ၁.၃ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က အစုရှယ်ယာ အညွှန်းကိန်းတွေဟာ ၇ ရာခိုင်နှုန်း ကျသွားခဲ့ပြီး တိုကျိုမြို့က အစုရှယ်ယာအညွန်းကိန်းဟာလည်း ၄ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလာနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ အစုရှယ်ယာဈေးတွေ ရက်အတန်ကြာ ကျနေခဲ့တဲ့အပေါ် တရုတ်အစိုးရ အရာရှိတွေက တုန့်ပြန် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG