သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်


ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်
ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်

မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးအနီး အာဏာပိုင်တွေက ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ အစီအစဉ်ကို ရပ်တန့်ဖို့ ဆန္ဒပြ လှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြည်တွင်းပြည်ပက ကန့်ကွက် ဝေဖန်မှုတွေကြားကပဲ မြန်မာ လျှပ်စစ်စွမ်းအင် ဝန်ကြီးက စီမံကိန်းကို ဆက်လုပ်မယ့်အကြောင်း ပြောဆိုခဲ့တဲ့နောက် ကန့်ကွက် ဆန္ဒပြတဲ့အထိ လုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့ အပါအဝင် နေရာတချို့မှာ ဆန္ဒပြမယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဒီကနေ့မှာတော့ လုံခြုံရေးတွေ တိုးချထားခဲ့သလို ရန်ကုန်အခြေစိုက် သတင်းဌာနတချို့က သတင်းသမားတွေလည်း သွားရောက် အကဲခတ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်သွားမယ့် စီမံကိန်းအဖြစ် သံရုံးနားမှာ ဆန္ဒပြမယ့် သတင်းကြောင့် ကိုယ်တိုင်သွားရောက် အကဲခတ်ခဲ့တဲ့ ရန်ကုန်မြို့ခံ တယောက်ကတော့ လုံခြုံရေးတွေ ချထားတာ တွေ့ရပေမဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေတော့ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

“အဲဒီသံရုံးမှာတော့ ဘာတွေ့ရလဲဆိုတော့ ကျနော်တို့လည်း သတင်းကြားလို့ လာကြတာပေါ့၊ ဒီလိုပဲ သတင်းကြားလို့ စိတ်ဝင်စားတဲ့ သူတွေလည်း ရောက်နေကြတယ်။ အခု သံရုံးရှေ့မှာ အဓိကတော့ လုံထိန်းရှိမယ်၊ နောက် အရပ်ဝတ်နဲ့ SB တို့၊ ရဝတတို့၊ ကြံ့ဖွံ့တို့ နေမှာပေါ့၊ အဲဒီအုပ်စုလေးတွေ ရှိတယ်။ သူတို့လူတွေနဲ့ဆိုရင် လေးငါးဆယ်လောက် ရှိပြီး လုံထိန်းက ကား ၄ စီးလောက် ရှိမယ်၊ ဟိုဘက်ထိပ် ၂ စီး၊ ဒီဘက်ထိပ် ၂ စီးပေါ့။ အခုလက်ရှိတော့ လုံထိန်းတွေပဲ နေရာယူထားတာ တွေ့တယ်။

“အရပ်သားတော့ သိပ်မရှိဘူး။ ဒီနေရာက အရပ်သား နည်းနည်း အလာကျဲတဲ့ နေရာပေါ့။ လာတဲ့လူဆို ဆေးရုံကြီးထဲကို ဝင်တဲ့သူ လာမယ်၊ တရုတ်သံရုံးဆိုလည်း ဗီဇာဝင်တဲ့သူပဲ လာတဲ့နေရာလေ။ အဲဒါကြောင့် တချို့ စိတ်ဝင်စားတဲ့ သူတွေကလည်း ရပ်မနေကြဘူး၊ အလုံလမ်းဘက်က လက်ဘက်ရည်တို့ ဘာတို့မှာ ထိုင်နေကြတယ်။ ရေကာတာကိစ္စပဲပေါ့၊ ကျနော်တို့အားလုံး ဒီကိစ္စပဲ စိတ်ဝင်စားနေတယ်ပေါ့။ မကျေနပ်ကြဘူးပေါ့။”

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန် ကန့်ကွက်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် မီးရထားဝန်ကြီးဌာနရုံး သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပြောဆိုနေသူတွေရဲ့ ဝေဖန်မှုတွေ ပိုပြီး ကြီးထွားလာခဲ့ပါတယ်။

နေပြည်တော်မှာ စနေနေ့တုန်းက ကျင်းပခဲ့တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲမှာတော့ တခြား အစိုးရ တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့က စီမံကိန်းရဲ့ အားနည်းချက်တွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ကြတာပါ။ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပေမဲ့ မြစ်ဆုံစီမံကိန်းကိုတော့ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒီစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမယ်ဆိုရင် ဧရာဝတီမြစ်ကြီး ပျက်စီးသွားနိုင်တာကြောင့် အစိုးရအနေနဲ့ ပြန်လည်သုံးသပ် စဉ်းစားဖို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေသာမက စာပေနယ်၊ အနုပညာနယ်က ပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ပေါ်မှာ ရေကာတာတွေ အမြောက်အမြား တည်ဆောက်သွားမယ့် စီမံကိန်းကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ကြုံလာရမှာကို ရှောင်ရှားနိုင်ဖို့နဲ့ စိုးရိမ်နေသူတွေရဲ့ စိတ်တွေကို သက်သာရာ ရစေဖို့ သက်ဆိုင်သူတွေ အားလုံးက ပူးပေါင်းအဖြေရှာဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG