ဥရောပ ယူရိုငွေကြေးသုံး နိုင်ငံတွေက အရေးပေါ် ဘဏ္ဍာရေး အကူအညီပေးရေး အစီအစဉ်တွေရဲ့ အကြီးအကဲ ဒီကနေ့ပဲ တရုတ်နိုင်ငံကို ရောက်လာပါတယ်။ ခရီးစဉ်အတွင်း တရုတ်နိုင်ငံက အလုံးအရင်းနဲ့ စုဆောင်းထားတဲ့ နိုင်ငံခြား အရန်ငွေကြေးတွေကို ဥရောပရဲ့ အကူအညီပေးရေး အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံသွားဖို့ ဖြစ်နိုင်ချေရှိတဲ့ အလားအလာတွေကို ဆွေးနွေးကြမှာပါ။
ဥရောပက ဂရိ၊ အီတလီနဲ့ စပိန်နိုင်ငံတို့လို အကြွေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေအတွက် အကူအညီပေးဖို့နဲ့ ကမ္ဘာ့စီးပွားရေး နောက်တစ်ကြိမ်ကျဆင်းမှုတွေ မကြုံရလေအောင် ဟန့်တားဖို့ အစီအစဉ်အတွက် ဒေါ်လာ ၁.၄ ထီလီယံ အထိ တိုးမြှင့်သုံးစွဲဖို့ သဘောတူညီခဲ့ပြီး နောက်တစ်ရက်မှာပဲ ဥရောပသမဂ္ဂ (EU) က Klaus Regling တရုတ်နိုင်ငံကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ EU ကိုယ်စားလှယ်ဟာ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
တရုတ်နိုင်ငံဟာ သူ့ရဲ့ ဒေါ်လာ ၃.၂ ထီလီယံ ပြည်ပ အရန်ငွေကြေးတွေကို ဆွဲဆောင်မှုရှိပြီး ခိုင်မာစိတ်ချရတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်လို့လည်း EU ကိုယ်စားလှယ်က ပြောပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာတော့ သဘောတူညီချက် ရယူတာမျိုး လုပ်မှာတော့ မဟုတ်သေးဘူးလို့လည်း ဆိုခဲ့တာပါ။
တရုတ်ဘဏ္ဍာရေးဝန်ကြီး Zhu Guangyao ကလည်း အလားတူ သဘောထားကို ပြောဆိုခဲ့သလို တရုတ်မူဝါဒရေးရာ ချမှတ်သူတွေအနေနဲ့ ဥရောပက ဘဏ္ဍာရေး တည်ငြိမ်မှု အခြေအနေတွေကို အရင်စောင့်ကြည့်ပြီးမှ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သင့်မသင့် စဉ်းစားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။