သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်မျှော်လင့်


တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ Lu Kang
တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ Lu Kang

မြောက်ကိုရီးယားက နျူကလီးယားကင်းမဲ့အောင် လုပ်မယ်ဆိုရင် အပြန်အလှန်အားဖြင့် လုံခြုံရေးအာမခံချက်ပေးမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကတိပြု ပြောဆိုထားတဲ့အပေါ် တရုတ်နိုင်ငံက သောကြာနေ့မှာ ကြိုဆိုလိုက်ပါတယ်။

“သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဆက်လုပ်သွားမယ်၊ အခွင့်အလန်းကို အမိအရဆုပ်ကိုင်မယ်၊ တဘက်နဲ့ တဘက် အဆင်ပြေပြေဖြစ်အောင် လုပ်ကြမယ်၊ ဆွေးနွေး ညှိနှိုင်းတာတွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က သောကြာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ မှန်ကန်တဲ့ရပ်တည်ချက် ရှိတာနဲ့ မြောက်ကိုရီးယားရဲ့ စိုးရိမ်ချက်ကို အလေးအနက်ထား စဉ်းစားတဲ့ အပေါ် ကျနော်တို့ ကျေးဇူးတင်ပါတယ်” လို့လည်း ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လုံးဝကင်းရှင်းရေး အမေရိကန်က တွန်းအားပေးနေတဲ့အပေါ် မြောက်ကိုရီးယားဘက်မှာ စိုးရိမ်ချက်တွေ ရှိလာပြီး ထိပ်သီးအစည်းအဝေးကို ဖျက်မယ်ဆိုတဲ့အထိ မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက် ပြောဆို ထားတာပါ။

အဲဒီပြောဆိုချက်ကို သမ္မတထရမ့်ပ်က တုန့်ပြန်တာမှာတော့ နျူကလီးယားကင်းမဲ့ရေးအတွက် Kim Jong Un က သဘောတူူမယ် ဆိုရင် “သိပ်ကိုအားကောင်းခိုင်မာတဲ့ အကာအကွယ်ကို သူရမှာဖြစ်တယ်” လို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ပြန်လည်သင့်မြတ်မယ့် အလားအလာတွေ အကြီးအကျယ် ဖြစ်လာပြီးတဲ့နောက် မြောက်ကိုရီးယားက ပိုပြီး အနုတ်လက္ခဏာဆောင်တဲ့လေသံ ပြောင်းသွားတာဟာ တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ လွှွမ်းမိုးမှုဖြစ်နိုင်တယ်လို့လည်း သမ္မတထရမ့်ပ်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က ဒီအချက်ကို ငြင်းဆန်ပြီး ကိုရီးယားကျွန်းဆွယ်အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ ဘယ်တုန်းကမှ မပြောင်းလဲဘဲ တရုတ်နိုင်ငံဟာ နျူကလီးယားကင်းမဲ့ရေး ဖြစ်ပေါ်လာဖို့ အခိုင်အမာသန္နိဋ္ဌာန် ချထားတယ်လို့ ပြောပါတယ်။

XS
SM
MD
LG