တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jiangsu ပြည်နယ်တွင်းက ဓာတုစက်ရုံတခု ကြာသပတေးနေ့နှောင်းပိုင်းက မီးလောင် ပေါက်ကွဲခဲ့ရာမှာ သေဆုံးသူပေါင်း ၆၄ ဦး ထိရှိသွားပြီလို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။
မိသားစုတွေနဲ့ ဆွေမျိုးတွေ ပေးပို့လားတဲ့ သတင်းအရ လက်ရှိ ပျောက်ဆုံးနေသူ ၂၈ ဦး ရှိနေပြီး သေဆုံးသူ ၃၈ ဦးကိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးလို့ CCTV က ပြောပါတယ်။
အပျက်အစီး ပုံတွေအောက် နာရီပေါင်း ၄၀ ကျော်ကြအောင် ပိတ်မိနေတဲ့ လူတဦးကို ဒီကနေ့ မနက် ကယ်ထုတ်လာတာကိုလည်း CCTV ကပြတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ သူ့ကို ဆေးရုံကို ပို့လိုက်ပြီး လက်ရှိအခြေအနေ တည်ငြိမ်နေတယ်လို့ ပြောပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေကိုလည်း တာဝန်ရှိသူတွေဆက်ပြီး ရှာဖွေနေပါတယ်။ စက်ရုံပေါက်ကွဲမှုကြောင့် အနားက အဆောက်အအုံတွေနဲ့ ကားတွေလည်း ပြိုကျပျက်စီးခဲ့တဲ့ အပြင် ဒေသခံတွေရဲ့ အိမ်တွေလည်း ထိခိုက်ပျက်စီးပြီး ဒဏ်ရာတွေလည်း ရခဲ့ကြတာပါ။
ဒဏ်ရာရသူ ရာနဲ့ချီကို ဒေသတွင်းမှာပဲ ကုသပေးနေပြီး ဒဏ်ရာပြင်းထန် သူတွေကိုတော့ ပြည်နယ်ဆေးရုံကို ပို့ထားရပါတယ်။
ဓာတုစက်ရုံမှာ ၁၆ နာရီကျော်ကြာအောင် လောင်ကျွမ်းခဲ့တဲ့ မီးကို အနီးအနားက မြို့တွေနဲ့ အိမ်နီးချင်း ပြည်နယ်တွေက လာပြီး ကူညီငြိမ်းသတ်ခဲ့ရပါတယ်။ စက်ရုံက စိမ့်ထွက်လာတဲ့ ဓာတုဓာတ်တွေ အနားမှာရှိတဲ့ Guanhe မြစ်ထဲ စီးဝင်မသွာအောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူတွေ လုပ်ကိုင်နေကြပါတယ်။