သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတွင်း ပြစ်ဒဏ်ကျခံရပြီး မြန်မာ တသောင်းကျော် ပြန်လွဲှအပ်


တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။

တရုတ်နဲ့ မြန်မာ နှစ်ဖက် လူဝင်မှုကြီးကြပ်ရေးဌာနတွေရဲ့ သဘောတူညီချက်အရ လွန်ခဲ့တဲ့နှစ်လည်ကနေ ကနေ့အထိ ပြစ်ဒဏ်ကျခံရသူ မြန်မာနိုင်ငံသား ၁ သောင်းကျော် ကို တရုတ်နိုင်ငံဘက်က ပြန်လည် လွဲှပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ တရုတ်နိုင်ငံဖက်ကို နေ့စဉ် မြန်မာနိုင်ငံသား ၅ထောင်လောက် ဝင်ထွက်သွားလာနေပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်သူ အနည်းဆုံး ၇သိန်းလောက်ရှိကြောင်း နယ်စပ်ဒေသက လူမှုကူညီရေးဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးခံရရင် ပြစ်ဒဏ်ကျခံပြီးနောက် အမြန်ဆုံးပြန်လည်းလွဲှပြောင်းပေးဖို့အတွက် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွေဟာ ၂၀၁၆ခုနှစ် ဇွန်လက ကျင်းပတဲ့ အစည်းအဝေးမှာနှစ်ဖက် သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဒီလို သဘောတူညီပြီးချိန်ကစလို့ ဒီနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ အထိ တရုတ်နိုင်ငံက ပြန်လည်လွဲှပေးတဲ့ မြန်မာပြည်သား ဦးရေဟာ ၁ သောင်း ၂ ထောင်ကျော်ရှိကြောင်း မူဆယ် လဝက ခရိုင်ဦးစီးမှုး ဒုတိယညွှန်ကြားရေးမှုး ဦးစောနိုင်က ပြောပါတယ်။

“ ၁၂ ရက်နေ့က ရွှေလီမြို့ အကျဉ်းထောင်က ၅၅ဦးအပါအဝင် ကျန်တဲ့ အကျဉ်းထောင်တွေပေါင်းပြီးတော့ ၁၆၀ ဦးပေါ့။ စုစုပေါင်း။ စတင်လွဲှပြောင်းခဲ့တဲ့အချိန်က ၂၆ရက် ၆လ ၂၀၁၆ပေါ့။ ခုက အကြိမ် ၉၀ ကျနော်တို့လွဲှပြီးပြီ။ အဲဒါ စုစုပေါင်း ၁၂၇၇၅ဦးလွဲှပြီးသွားပြီ။ ”

တရုတ်နိုင်ငံမှာ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားအများစုဟာ အလုပ်လုပ်ခွင့် လက်မှတ် မရှိတာနဲ့ နယ်မြေကျော်တာတွေကြောင့်ဖြစ်ကြောင်း ဦးစောနိုင်က ဆက်ပြောပါတယ်။

“ များသောအားဖြင့် ကျနော်တို့ဆီက မြန်မာရွှေ့ပြောင်းလုပ်သားတွေက တရုတ်နိုင်ငံမှာ လစာကောင်းတဲ့ အတွက် အလုပ်သွားလုပ်တာကများတယ်။ များတဲ့အခါကျ တရုတ်နိုင်ငံဥပဒေအရ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိမှပဲ အလုပ်လုပ်လို့ ရတာကိုး။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်က လျှောက်ရတာပေါ့။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိတဲ့သူတွေက အဖမ်းခံရတယ်။ နောက် သတ်မှတ်ထားတဲ့နယ်မြေကျော်လွန်ပြီး သွားပြီးအလုပ်လုပ်ရင်လည်း အဖမ်းခံရမှာပဲ။ အဲဒါပါပဲ။ သူက အများဆုံးအချုပ်ထဲမှာ ၂ပတ်ပဲ။ ကျနော်တို့ကတောင်းဆိုရင် ၁ ပတ်နဲ့လည်း သူတို့က လွဲှပေးတယ်။ ကျန်တာကတော့ မူးယစ်တို့ဘာတို့က တခြားပေါ့။ လူကုန်ကူးကိစ္စတွေ မူးယစ်ကိစ္စတွေ ကတော့ ရံဖန်ရံခါရှိပါတယ်။ မူးယစ်ကတော့ တိုက်ရိုက်လွဲှတာပေါ့သူတို့က။ လူကုန်ကူးကလည်း လူကုန်ကူးအဖွဲ့ကို တိုက်ရိုက်လွဲှတာပေါ့။”

ဒီကာလအတွင်း မြန်မာနိုင်ငံက ပြန်လည်လွဲှပြောင်းပေးတဲ့ ပြစ်ဒဏ်ကျခံပြီးသူ တရုတ်နိုင်ငံသားကတော့ ၃၀ယောက်ခန့်သာရှိကြောင်းလည်း ပြောပါတယ်။

မူဆယ်မြို့က ကရုဏာ ပရဟိတအသင်း ဥက္ကဌ ဦးသောင်းထွန်းက တရုတ်နိုင်ငံဖက်ကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သားဟာ ၇သိန်းလောက် ရှိနိုင်ကြောင်း ခန့်မှန်းပါတယ်။

“ ဒီမှာ တရက်တရက်ကို ဝင်နေတာက လေး- ငါး ထောင်ရှိတယ်။ အဲဒါ အနည်းဆုံး။ တချို့ ကျနော်တို့ မသိနိုင်တဲ့ အပေါက်တွေကနေ ဝင်နေတာတွေကော အများကြီးရှိတာပေါ့။ အစည်းအဝေးမှာ တခါတလေကျ ပြောဖူးတယ်ဗျ။ ပြောဖူးတော့ သူတို့ အတိအကျတော့ မဟုတ်ဘဲနဲ့ပေါ့နော် ဝင်နေ ထွက်နေ သွားနေ လာနေကြတဲ့ အလုပ်လုပ်တဲ့ လူဦးရေက ထုတ်ပြန်ခြင်းမရှိတဲ့ စာရင်းဇယားအရဆို ၇သိန်း၊ ၈သိန်းလောက်တော့ ရှိတယ်ခင်ဗျ။ ”

မြန်မာနိုင်ငံသားအလုပ်သမားတွေဟာ တရုတ်အလုပ်သမားတွေထက် ဈေးချိုတာကြောင့် တရုတ်အလုပ်ရှင်တွေကခေါ်ယူတာဖြစ်ကြောင်းလည်း သုံးသပ်ပါတယ်။

တရုတ်နိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်သူတွေဟာ သစ်အချောထည်လုပ်ငန်း၊ ကျောက်သွေးလုပ်ငန်း၊ အင်ကြင်းကျောက်လုပ်ငန်း၊ အထပ်သားလုပ်ငန်း၊ ကြံ၊ ပြောင်းနဲ့ အခြားသီးနှံစိုက်ပျိုးတဲ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သံစက်ရုံလုပ်ငန်း၊ လက်ဆောင်ပစ္စည်း ထုပ်ပိုးတဲ့လုပ်ငန်း၊ ပန်းအတုလုပ်ငန်း စတာတွေ လုပ်ကိုင်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG