တရုတ်ပိုင်နက်နားကို ရောက်လာတဲ့မြန်မာလေယာဉ်တွေကို စောင့်ကြည့်၊ သတိပေး၊ မောင်းထုတ်ဖို့ တိုက်လေယာဉ်တွေကို တရုတ်-မြန်မာ နယ်စပ်နားကို
စေလွှတ်ထားတယ်လို့ တရုတ် လေတပ်ပြောခွင့်ရသူက ပြောခဲ့ပါတယ်။
သောကြာနေ့တုန်းက မြန်မာလေကြောင်းရဲ့တိုက်ခိုက်မှုကြောင့် ယူနန်ပြည်နယ်ထဲက ကြံခင်းတခု ဗုံးထိမှန်ပြီး တရုတ်လူမျိုး ၄ ယောက် သေဆုံး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တရုတ်အစိုးရက ပြောကြားခဲ့ပြီးနောက် ခုလို တရုတ်တိုက်လေယယာဉ်တွေကို နယ်စပ်ဖက်ကို စေလွှတ်ထားတာဖြစ်ပါတယ်။
တရုတ်လူမျိုးတွေ သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက
သောကြာနေ့မှာပဲ ဆင့်ခေါ်ပြီး အပြစ်တင် ကန့်ကွက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့နဲ့ စစ်ဆေးတေ့ွရှိချက်တွေကို တရုတ်အစိုးရကို တင်ပြဖို့ တောင်းဆိုခဲ့တယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းကို ပြောကြားခဲ့ပါတယ်။
ဒီကနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို မြန်မာအစိုးရပိုင်း အကြီးတန်းတာဝန်ရှိသူတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က
နေပြည်တော်မှာ သီးခြားတွေ ခေါ်ယူတေ့ွဆုံခဲ့ပါတယ်။ တရုတ်မြန်မာနယ်စပ်နားက ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အတူ တရုတ်လေတပ်က နယ်စပ်အခြေအနေကို သတိအနေအထားနဲ့အနီးကပ် စောင့်ကြည့်နေပြီး တရုတ်လေကြောင်းပိုင်နက် လုံခြုံရေးအတွက် ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ်လေတပ်ပြောခွင့်ရသူ Shen Jinke ကလည်း ပြောကြားထားပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း မြန်မာဘက်က ပစ်လိုက်တဲ့ ဗုံးတလုံးကျခဲ့လို့ ယူနန်ပြည်နယ်ထဲက အိမ်တလုံးပျက်စီးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်ရှင်။