တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးသည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတာကြောင့် လူ ၁၄ ယောက်လောက် သေဆုံးပြီး ထောင်သောင်းချီတဲ့ လူတွေလည်း နေရပ် ရွှေ့ပြောင်းခဲ့ကြရတယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဂွီဇူး (Guizhou) ခရိုင်တခုတည်းမှာတင် လူ ၃၅ ယောက်လောက် ပျောက်ဆုံးနေပြီး ၃,၀၀၀ လောက်ဟာလည်း ပိတ်မိနေတယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းမှာ အင်္ဂါနေ့က ဖော်ပြထားတာပါ။ ၀န်မို (Wangmo) ခရိုင်မှာတော့ လူပေါင်း ၄၅,၀၀၀ လောက်ကို နေရပ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီဒေသမှာ မိုးသည်းထန်စွာ ရွာခဲ့တဲ့အတွက် မော်တော်ယာဉ် ၅၀၀ လောက် ရေထဲမျောပါသွားခဲ့သလို အိမ် ၁၀၀ ကျော် ပျက်စီးပြီး လမ်း တံတား အတော်များများလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လယ်ယာစိုက်ခင်း ဧကပေါင်း ၅,၀၀၀ လောက်လည်း ပျက်စီးခဲ့တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
ယန်ဇီမြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသက ခရိုင် ၅ ခုက ဒီ ရေကြီးမှု ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ လောက် ထပ်မံ ပို့ပေးလိုက်တယ်လို့ တရုတ်အစိုးရက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေဟာ မိုးခေါင်ရေရှားမှုဒဏ် ခံနေကြရတဲ့ ဂျင်ဆု (Jiangsu)၊ အန်းဟွီ (Anhui)၊ ဂျန်ရှီး (Jiangxi)၊ ဟူဘေ (Hubei) နဲ့ ဟူနန် (Hunan) ဒေသတွေအတွက် ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စိုက်ပျိုးရေး ဖြစ်ထွန်းတဲ့ အဲဒီ ယန်ဇီမြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်း ဒေသတွေမှာ နှစ်ပေါင်း ၅၀ လောက်အတွင်း မကြုံစဘူး ထူးကဲတဲ့ မိုးခေါင်ရေရှားမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရာက အခုလို မိုးသည်း ရေကြီးမှုတွေ ရုတ်တရက် ဖြစ်ပေါ်လာတာပါ။