တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးအပြင်းအထန် ရွာသွန်းတာကြောင့် လူ ၁၇ ယောက် သေဆုံးပြီး ၄၄ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ တရုတ် တာဝန်ရှိသူတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။
ဇောင်တောင်း (Zhaotong) မြို့တော်က မြို့နယ်တခုမှာ ညဘက်ကြီး တောင်ပြိုကျတဲ့အတွက် လူ ၄ ယောက် သေဆုံးပြီး ၄၂ ယောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူ ၁၁ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ၂ ယောက်က စိုးရိမ်ရတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
အိမ်နီးချင်း စီချွမ် (Sichuan) ပြည်နယ်က ယန်ဒိုင် (Yandai) ရွာမှာ လူ ၇ ယောက် သေဆုံးပြီး ၁ ယောက် ပျောက်နေတယ်လို့ အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။ ဆီမာရွာမှာတော့ အလောင်း ၇ ခုကို ကယ်ဆယ်ရေး လုပ်သားတွေက ရှာတွေ့ခဲ့ပြီး နောက်တယောက်ကို ဆက်ရှာနေတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေက ရေကြီးနေတဲ့ နေရာတွေမှာ နောက်သုံးရက် ဆက်ပြီး မိုးအပြင်းအထန် ရွာနေဦးမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောထားပါတယ်။