တရုတ်နိုင်ငံမှာ ဆယ်နှစ်ကျော် ကာလအတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ အစိုးရက ပြောတဲ့ ဒီနှစ် ရေလွှမ်းမိုးမှုတွေကြောင့် လူပေါင်း ၇၀၁ ဦး သေဆုံးခဲ့ရပြီလို့ တရုတ်အစိုးရက ပြောပါတယ်။
စီးပွားရေးမှာ ဒေါ်လာ ၂၁ သန်းနီးပါး ဆုံးရှုံးစေခဲ့တဲ့ ဒီ တောင်ပိုင်း တရုတ်နယ်မြေတွေက ရေလွှမ်းမိုးမှုကြောင့် နောက်ထပ် လူပေါင်း ၃၄၇ ဦးလည်း ပျောက်ဆုံးနေတယ်လို့ အစိုးရ ရေလွှမ်းမိုးမှု ကာကွယ်ရေး အဖွဲ့ရဲ့ အကြီးအကဲ လျူနင်း (Liu Ning) က ပြောပါတယ်။
လပေါင်းများစွာ မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းလို့ ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်ပွားပြီး အိုးအိမ်ပေါင်း ၆၅၀,၀၀၀ နီးပါးနဲ့ လယ်ဧကပေါင်း သိန်းပေါင်းများစွာ ပျက်စီးခဲ့ရတယ်လို့ လျူက ပြောပါတယ်။
ဒီသီတင်းပတ် အတွင်းမှာပဲ ချန်သူ (Chanthu) ဆိုတဲ့ အပူပိုင်း မုန်တိုင်းတခုက ဂွမ်ဒေါင်း (Guangdong) ပြည်နယ်နဲ့ ဟိုင်နန် (Hainan) ပြည်နယ်တွေကို ဝင်ရောက်တိုက်ခတ်မှာမို့ မိုးတွေ ပိုပြီး ရွာသွန်းဖို့ ရှိပါတယ်။
ရေလွှမ်းမိုးခံရတဲ့ နေရာအများစုဟာ တရုတ်နိုင်ငံရဲ့ အခုနောက်ပိုင်းခေတ်မှာ အဆိုးရွားဆုံး ဖြစ်ရပ်တခုလို့ ပြောနိုင်တဲ့ ၁၉၉၈ ခုနှစ် ရေလွှမ်းမိုးမှုကြောင့် လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ယန်ဇီ (Yangtze) မြစ်ဝှမ်းတလျှောက်မှာ ဖြစ်ပါတယ်။