သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြိုင်အဆိုင် ငွေတန်ဖိုးမချဖို့ G-20 သဘောတူ


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာကျင်းပနေတဲ့ G-20 ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ စည်းဝေးပွဲက ကမ္ဘာ့စီးပွား ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ရှိသမျှ မူဝါဒနည်းလမ်းပေါင်းစုံ သုံးပြီး ကိုယ့်နိုင်ငံရဲ့ ပြည်ပပို့ကုန် မြှင့်တင်ဖို့ အတွက် ငွေတန်ဖိုးချမှုတွေ အပြိုင်အဆိုင် မလုပ်ကြဖို့ စနေနေ့က ကတိပြုလိုက်ကြပါတယ်။

မတည်ငြိမ်တဲ့ ငွေကြေးစီးဆင်းမှု၊ ဥရောပတိုက်အတွင်း ဝင်ရောက်လာနေတဲ့ ဒုက္ခသည်တွေရဲ့ ပဋိပက္ခနဲ့ အီးယူ ဥရောပသမဂ္ဂထဲကနေ ဗြိတိသျှနိုင်ငံ ထွက်ခွာမယ့် အလားအလာရှိနေတဲ့ အခြေအနေတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ မသေချာ မရေရာမှုတွေ များပြားလာနေတယ်ဆိုတာကို တရုတ်နိုင်ငံရဲ့ စီးပွားရေးအချက်အခြာမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ G-20 ညီလာခံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ သင့်တင် မျှတတဲ့ တိုးတက်မှုနှုန်း ရှိသင့်ပြီး စီးပွား မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနှုန်းကတော့ အားကောင်းနေဖို့လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စည်းဝေးပွဲအပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Jack Lew က သတင်းထောက်တွေကို ပြောကြားရာမှာတော့ - ငွေတန်ဖိုး မချဖို့ သဘောတူညီချက် ရလိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့တိုးလုပ်ဆောင်ကြစေလိုကြောင်း ပြောကြား ခဲ့ပါတယ်။

စီးပွားရေး ပြန်လည် ဦးမော့လာရေးက လမ်းလွဲသွားစေမယ့် ဖြစ်စဉ်တွေကို ရှောင်ရှားနိုင်ဖို့ G 20 အဖွဲ့အနေနဲ့ ရည်ရွယ်ချက်ရှိစွာ စုပေါင်း လုပ်ဆောင်ကြဖို့ IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲ Christine Lagarde က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG