သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျီမေးလ်အသုံးပြုမှု တရုတ်အစိုးရ ပိတ်ပင်ကြောင်း Google စွပ်စွဲ


ဂျီမေးလ်အသုံးပြုမှု တရုတ်အစိုးရ ပိတ်ပင်ကြောင်း Google စွပ်စွဲ
ဂျီမေးလ်အသုံးပြုမှု တရုတ်အစိုးရ ပိတ်ပင်ကြောင်း Google စွပ်စွဲ

အင်တာနက်သုံးသူတွေ အခမဲ့ အီးမေးလ်ပို့လို့ရတဲ့ ဂျီမေးလ် (Gmail) ကို လွယ်လွယ်သုံးလို့ မရအောင် တရုတ်အစိုးရက ပိတ်ပင်နေတယ်လို့ Google ကုမ္ပဏီက ပြောလိုက်ပါတယ်။

ဂျီမေးလ်သုံးသူတွေက သုံးရတာ အခက်အခဲ ရှိတယ်လို့ ပြောလာကြတဲ့အတွက် သူတို့ရဲ့ အီးမေးလ်စနစ်ကို အသေးစိတ် စစ်ဆေးခဲ့တာမှာ သူတို့ ဝန်ဆောင်မှုပေးတဲ့ဘက်ကတော့ ဘာပြဿနာမှ မတွေ့ရပါဘူးလို့ Google က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂျီမေးလ်မှာ ပြဿနာရှိနေတဲ့ ပုံစံမျိုးဖြစ်အောင် တရုတ်အစိုးရဘက်က အသေအချာ ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းက ပုံစံမျိုး လူထုအုံကြွမှုတွေ လုပ်ကြဖို့ အင်တာနက်ပေါ်ကနေ ဆော်သြချက်တွေ ထွက်ပေါ်လာချိန် ကတည်းကစလို့ ဂျီမေးလ်သုံးရတာ အခက်အခဲ ရှိတယ်လို့ Google ကို ပြောလာကြတာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်အစိုးရက ဆင်ဆာဖြတ်တာတွေ၊ ကြားဖြတ် Heck လုပ်ပြီး ခိုးကြည့်တာတွေ လုပ်တဲ့အတွက် တရုတ်နိုင်ငံမှာ စိစစ်ပေးဖို့ လိုအပ်တဲ့ Google ရဲ့ အချက်အလက် ရှာဖွေရေး ဝန်ဆောင်မှုကို စိစစ်မှာ မဟုတ်တော့ဘူးလို့ Google က ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ တရုတ်အစိုးရရဲ့ သတ်မှတ်ချက်ကို လိုက်နာရမှာ စိုးတဲ့အတွက် တရုတ်ဘာသာနဲ့ အချက်အလက် ရှာဖွေပေးတဲ့ Google လုပ်ငန်းကို ဟောင်ကောင်ကို ရွှေ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာကတော့ Google က အခမဲ့ ဝန်ဆောင်မှု ပေးထားတဲ့ Gtalk အပါအဝင် အင်တာနက်ပေါ်ကနေ စကားပြောလို့ရတဲ့ စနစ်တွေကို အင်တာနက် ကဖေး (Internet Café) တွေမှာ မသုံးရတော့ဘူးလို့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာနဲ့ ဆက်သွယ် စကားပြောတဲ့ နေရာမှာ အစိုးရ ဝန်ဆောင်မှု သတ်မှတ်နှုန်းထက်ကို အများကြီး သက်သာတဲ့အတွက် အင်တာနက် ကဖေးတွေမှာ သုံးနိုင်တဲ့ Gtalk, VZO စတဲ့ အွန်လိုင်းကတဆင့် စကားပြောတဲ့ စနစ်ကို မြန်မာနိုင်ငံမှာ လူသုံးများကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG