အရှေ့တောင်အာရှ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လက်ခံ ကျင်းပနေတဲ့ တရုတ်နိုင်ငံမှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကာကွယ်စောင့်ရှောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တရုတ်ကာကွယ်ရေး ဝန်ကြီးက တိုက်တွန်းခဲ့ပေမဲ့ အချေအတင် အငြင်းပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှု ကိစ္စကို ဆွေးနွေးဖို့ကိုတော့ ရှောင်ရှားခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံမှုအတွင်း နယ်မြေပိုင်ဆိုင်မှု ကိစ္စတွေကို တရုတ်ခေါင်းဆောင်တွေက လူသိရှင်ကြား ဆွေးနွေးမယ့် အလားအလာတော့ မရှိပါဘူး။
တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတွေနဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေပေမဲ့ ဒီကိစ္စကို အခုလို နိုင်ငံစုံဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးဖို့ကိုတော့ တရုတ်နိုင်ငံက မလိုလားပါဘူး။
အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က ဒီကနေ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုမသွားပေမဲ့၊ အာဆီယံနိုင်ငံတွေအနေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့၊ အကြမ်းဖက်ဝါဒလို လုံခြုံရေးပြဿနာတွေကို ရင်ဆိုင်နိုင်အောင် ပိုမိုကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တင်းမာမှုတွေ လျော့ကျစေဖို့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတခု ထွက်ပေါ် လာစေရေး နှောင့်နှေးကြန့်ကြာနေ တဲ့ ဆွေးနွေးမှုတွေ မှာတော့ အာဆီယံနိုင်ငံတွေနဲ့အတူ တရုတ်နိုင်ငံလည်း ပူးပေါင်းပါဝင်နေတာပါ။ ဆွေးနွေးမှုတွေ အတွင်းမှာတော့ အငြင်းပွားနေတဲ့ နယ်မြေတွေကို တရုတ်နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း အပြင်းအထန် ကာကွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။