တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ Hu Jia ဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ ၃ နှစ်ကျော် ထောင်ဒဏ် ကျခံနေရာကနေ တနင်္ဂနွေနေ့က ပြန်လွတ်လာပြီလို့ သူ့ဇနီးက ပြောပါတယ်။
သူ ဘေးကင်းကင်းရှိပြီး အထူးဝမ်းသာနေပါတယ်လို့ သူ့ဇနီးက အင်တာနက်ပေါ်က တွစ်တာ (Twitter) စာမျက်နှာမှာ ရေးထားပါတယ်။ မစ္စတာဟူဟာ တနင်္ဂနွေနေ့မှာ သူ့ရဲ့ ပြစ်ဒဏ်ကျခံမှု သက်တမ်းစေ့တာ ဖြစ်ပါတယ်။
ဘေဂျင်းအိုလံပစ် အားကစားပွဲတော် မကျင်းပခင် လပိုင်းအလိုမှာပဲ သူဟာ အင်တာနက်ကတဆင့် သတင်းထောက်တွေနဲ့ မေးမြန်းခန်းတွေလုပ်ပြီး တရုတ်နိုင်ငံမှာ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို မီးမောင်းထိုးပြဖို့ ပြောခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှာ သူ ထောင်ချခံခဲ့ရတာပါ။
ထင်ရှားတဲ့ တရုတ်အနုပညာရှင် အိုင်ဝေေ၀ (Ai Weiwei) ၃ လနီးပါးကြာ ရဲရဲ့ ထိန်းသိမ်းမှု ခံရတာကနေ ပြန်လွတ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာဟူလည်း ပြန်လွတ်လာတာပါ။
မစ္စတာအိုင်ရဲ့ အနုပညာရောင်းရင်း ၄ ဦးလည်း ပြန်လွတ်လာတယ်လို့ မစ္စတာအိုင်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက ပြောပါတယ်။
မစ္စတာအိုင် အာမခံနဲ့ ပြန်လွှတ်ပေးတော့ သူ ဘေဂျင်းမြို့တော်ကနေ တခြားကို သွားလို့မရဘူး၊ သတင်းထောက်တွေကို စကားမပြောရဘူး ဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်ပါတယ်။
ဖေဖော်ဝါရီလကစလို့ တရုတ်အစိုးရက နှိမ်နင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး မစ္စတာအိုင်က အဲဒီမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။