တရုတ်ကုမ္ပဏီတွေက တင်ပို့နေတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေအပေါ် လုံခြုံရေးအရ ပူပန်မှုတွေကြောင့် တင်သွင်းခွင့် ပိတ်ပင်ထားတာကို အိန္ဒိယနိုင်ငံက လျှော့ပေါ့ပေးလိုက်ပါတယ်။
တရုတ်နိုင်ငံလုပ် ပစ္စည်းတွေကနေ အိန္ဒိယ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ယက်ကို တရုတ်ထောက်လှမ်းရေး ဌာနတွေက ဝင်ရောက် ထောက်လှမ်းနိုင်မှာကို စိုးရိမ်မကင်း ဖြစ်မှုတွေ ရှိခဲ့ရာက တားမြစ်ပိတ်ပင်မှုတွေ လုပ်ခဲ့တာပါ။
ဒါပေမဲ့လည်း ဆက်သွယ်ရေး ပစ္စည်းတွေ တင်ပို့နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ သူတို့ကုန်တွေကို ပုံမှန် စစ်ဆေးမှုတွေ လုပ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီး အိန္ဒိယ အစိုးရက တားမြစ်ထားတာကို လျှော့ပေးလိုက်တာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ ဆက်သွယ်ရေး ကွန်ယက်မှာ သုံးတဲ့ လျှို့ဝှက်ကုဒ်တွေကို အိန္ဒိယ အစိုးရက သိရှိခွင့် ရဖို့အတွက်လည်း တောင်းဆိုခဲ့တာပါ။
အိန္ဒိယနိုင်ငံက ကြီးထွားလာနေတဲ့ ဈေးကွက်ကို လက်မလွှတ်လိုကြတာမို့ တရုတ်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Huawei နဲ့ ZTE တို့ကတော့ ဒီသတ်မှတ်ချက်တွေကို လိုက်နာဖို့ သဘောတူပြီး ကုန်ပစ္စည်း အမှာတွေလည်း ရခဲ့ကြပါတယ်။
ဒါပေမဲ့လည်း အမေရိကန်၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေက ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်သူတွေနဲ့ ကုန်သွယ်ရေး အုပ်စုတွေကတော့ တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ကြတာပါ။ ဆက်သွယ်ရေး ကွန်ယက်က လျှို့ဝှက်ကုဒ်တွေကို ပေးအပ်ဖို့ တောင်းဆိုတာဟာ ဉာဏပစ္စည်း ပိုင်ဆိုင်ခွင့် ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။