သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် သတင်းကြောင့် အင်တာနက်တင်းကျပ်


တရုတ်ဝန်ကြီးချုပ် Wen Jiabao
တရုတ်ဝန်ကြီးချုပ် Wen Jiabao
New York Times သတင်းစာမျက်နှာမှာ တရုတ် ဝန်ကြီးချုပ် Wen Jiabao မိသားစုရဲ့ ကျိကျိတက်ကြွယ်ဝချမ်းသာမှု သတင်းအသေးစိတ်ကို ဖော်ပြတဲ့ သတင်းပါပြီးတဲ့နောက် ၊ သောကြာနေ့ကတော့ New York Times အင်တာနက်စာမျက်နှာကို တရုတ်အစိုးရ စာပေစိစစ်ရေးအဖွဲ့က အမြန်ဆုံးပိတ်ပစ်လိုက်ပါတယ်။ ဒီသတင်းကြောင့် ရိုးသားပြီး စာနာတတ်သူ ပြုပြင်ပြောင်းလဲရေးသမားကြီး လို့ ပြည်သူတွေသိထားကြတဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ခြိမ်းခြောက်မဲ့ အန္တရာယ် ရှိနေတာကြောင့်ဖြစ်ပါတယ်။

New York Times သတင်းအရ ဝန်ကြီးချုပ် Wen ရဲ့ ဆွေမျိုးတွေဟာ ဒေါ်လာ ၂.ရ ဘီလီယံထက် မနည်း ကြွယ်ဝကြတယ်လို့ဆိုပါတယ်။ ဒီသတင်းဖော်ပြအပြီး နာရီအနည်းငယ်အတွင်းမှာဘဲ တရုတ်နိုင်ငံတဝှမ်းNew York Times သတင်းစာရဲ့ အင်္ဂလိပ် နဲ့ တရုတ်ဘာသာ အင်တာနက် စာမျက်နှာတွေကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ စာပေစိစစ်ထိမ်းချုပ်ရေးအဖွဲ့တွေကလဲ twitter နဲ့ အလားတူ Weibo microblog စာမျက်နှာပေါ်က ဝန်ကြီးချုပ်နဲ့ မိသားစုနဲ့ ပါတ်သက်တဲ့ ရည်ညွန်းစာတွေကို အလျင်အမြန်ဖျက်ပစ်ခဲ့သလို New York Times ရဲ့ တရုတ် ဘာသာ အင်တာနက် စာမျက်နှာတွေကိုလဲ ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ပါတ်သက်လို့ သောကြာနေ့ က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hong Lei က ရှုံချပြောဆိုလိုက်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းဖြန့်ခဲ့တာ ဖြစ်တယ် လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ခုဖြစ်ရပ်နဲ့ ပါတ်သက်လို့ စိတ်ပျက်မိပြီး သတင်းစာမျက်နှာ ပိတ်ပင်မှုတွေ မကြာခင်ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျော်လင့်ကြောင်း New York Times သတင်းစာပြောခွင့်ရ Eileen Murphy က ပြောဆိုခဲ့ပါတယ်။

New York Times သတင်းမီဒီယာရဲ့သဘောထားနဲ့ ရပ်တည်ချက်အနေအထားကို အနေနဲ့ ပြောင်းလဲလျော့ပေါ့ဖို့ အကြောင်းမရှိကြောင်းကိုလဲ သူမကပြောဆိုပါတယ်။ June လက တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာ စတင်ခဲ့ပြီးကတည်းက New York Times အနေနဲ့ သူ့ရဲ့ သတင်းဖော်ပြချက်တွေကို တရုတ်အစိုးရရဲ့ လိုလားချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာ မဟုတ်ဘူးဆိုတာကိုလဲ အခိုင်အမာ ပြောဆိုသွားပါတယ်။
XS
SM
MD
LG