သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်း တရုတ်ရင်းနှီးမှု အများဆုံး


မြန်မာပြည်တွင်း တရုတ်ရင်းနှီးမှု အများဆုံး
မြန်မာပြည်တွင်း တရုတ်ရင်းနှီးမှု အများဆုံး

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်သွားပါပြီ။ အရင်က ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ကျော်ပြီး ထိပ်တန်း ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်လာတာပါ။ ဒါပေမဲ့လည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍတွေက ရေအားလျှပ်စစ် ထုတ်လုပ်ရေးနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ဖြစ်တာကြောင့် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို မေးခွန်းထုတ်တာတွေ၊ ကန့်ကွက် ဆန့်ကျင်တာတွေကလည်း တောက်လျှောက် ရှိနေခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂ လအတွင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ၇ နှစ်ဆက်တိုက် ရပ်တည်လာခဲ့တဲ့ ထိုင်းနိုင်ငံကို ကျော်တက်သွားတာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က တာဝန်ရှိသူတဦး ပြောတာကို ကိုးကားပြီး ပြည်တွင်းထုတ် Weekly Eleven သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ အခုဆိုရင် ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံရှိပြီး တရုတ်ကတော့ ၉.၆ ဘီလီယံကျော် ရှိသွားပြီလို့ သတင်းက ဆိုပါတယ်။

တရုတ်က နောက်ဆုံး ရင်းနှီးမြှုုပ်နှံလိုက်တဲ့ ဒေါ်လာ ၃ ဘီလီယံကျော်ဟာ လျှပ်စစ်စွမ်းအား ကဏ္ဍမှာ ဖြစ်တယ်လို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တာဝန်ရှိသူကပဲ ပြောထားပါတယ်။

အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လာဖို့ မရှိသေးတာကြောင့် တရုတ်နဲ့ အရှေ့တောင်အာရှ ဒေသတွေထဲက ရင်းနှီးမြှုပ်နှံမှုတွေပဲ အများဆုံး ရှိနေဦးမှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ ဦးခင်မောင်ညိုက ပြောပါတယ်။

“လောလောဆယ်ကတော့ တရုတ်မများရင်လည်း အာဆီယံ များမှာပဲ။ အာဆီယံ မများရင်လည်း တရုတ်များမှာပေါ့လေ။ ဒါပဲရှိတာပဲလေ။ ဥရောပတို့ အမေရိကန်တို့က လောလောဆယ် များမယ့်အလားအလာ မရှိသေးဘူး။ မရှိတော့ တခါတလေကျရင် တရုတ်က တက်သွားမယ်၊ တခါတလေကျရင် အာဆီယံက တက်မယ်။ ဒီလိုပဲ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ နောက်တခုကတော့ သူတို့ဘက်က ကြည့်ရင်တော့ သူတို့အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပဲ သူတို့ လုပ်မှာပေါ့လေ။ သူတို့လိုချင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို သူတို့ လုပ်တာပေါ့။ သူတို့အတွက်လည်း အကျိုးရှိတယ်၊ မြန်မာနိုင်ငံက လက်ခံတယ် ဆိုတာလည်း မြန်မာနိုင်ငံအတွက် အကျိုးရှိလို့ လုပ်တာလို့ ယူဆပါတယ်။”

မြန်မာနိုင်ငံက အဓိကမြစ်ကြီးတွေပေါ်မှာ တရုတ်ရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ် ရွှေ့ပြောင်းကြရတာတွေ၊ လူတွေရဲ့ နေထိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းမှုတွေကို ထိခိုက်တာတွေ၊ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးတာတွေ အကြီးအကျယ် ရှိနေတယ်ဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

မြန်မာအတွက်ရော၊ တရုတ်အတွက်ပါ နှစ်ဦးနှစ်ဘက် အကျိုးရှိလို့ ရင်းနှီးမြှုုပ်နှံမှု လက်ခံတဲ့သူက လက်ခံ၊ လုပ်တဲ့သူက လုပ်ကြတာ ဆိုပေမဲ့ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာတနိုင်ငံလုံးက လူထုများရာစုကြီး မဆိုထားနဲ့၊ စီမံကိန်းတွေရှိတဲ့ ဒေသတွေက လူထုအတွက်တောင် အကျိုးမဖြစ်ဘဲ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာစစ်အစိုးရ အာဏာ တည်တံ့ခိုင်မြဲရေး အတွက်ပဲ အထောက်အပံ့ ဖြစ်စေတယ်လို့ ကန့်ကွက်သူတွေက ထောက်ပြနေကြတာပါ။

အဆိုးဆုံးကတော့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို ထည့်သွင်း စဉ်းစားတာတွေ၊ ကြိုတင်ပြီးတော့ တိုင်းတာ စစ်ဆေး တွက်ချက်တာတွေ လုံး၀ မလုပ်ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေ ဖြစ်နေရပြီလို့ လှုပ်ရှားသူတွေကတော့ ဝေဖန်ပါတယ်။

“ဒီစီမံကိန်းတွေ အကုန်လုံးက စစ်အစိုးရက ထိန်းချုပ်ထားပြီးသား စီမံကိန်းတွေ ဖြစ်တယ်။ ဒီစီမံကိန်းတွေဟာ သဘာ၀ ပတ်ဝန်းကျင် ဆုံးရှုံးမှုကို ပိုပြီးတော့မှ ဖြစ်ပေါ်လာမယ်။ ဒီစီမံကိန်းကြီး ဆောက်တဲ့နေရာမှာဆိုရင် သဘာ၀ ပတ်ဝန်းကျင်ဆိုးကျိုး ဆိုင်ရာတွေ သုတေသနလုပ်တာ လုံးဝမရှိဘူး။ နောက်ပြီး လူထု အသိုင်းအဝိုင်းက ဘယ်လိုဆိုးကျိုး ဖြစ်နေသလဲဆို လွတ်လပ်စွာ လုပ်လို့ မရဘူးပေါ့။”

မြန်မာနိုင်ငံ မြစ်ကြီးများကွန်ယက် အဖွဲ့က စည်းရုံးလှုံ့ဆော်ရေးမှူး ကိုစိုင်းစိုင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီမြစ် စပြီး မြစ်ဖျားခံတဲ့ မြစ်နှစ်သွယ် ဆုံတဲ့နေရာမှာ မြစ်ဆုံရေကာတာ ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ဖို့ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလကတည်းက တရုတ်နဲ့ မြန်မာ ကုမ္ပဏီတွေ စလုပ်နေခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းကကို ဒေသခံလူထုက စီမံကိန်းကို ကန့်ကွက်နေခဲ့တာပါ။ လူထုက ဘာ့ကြောင့် ကန့်ကွက်တာလဲဆိုတာ ဗွီအိုအေကို ရှင်းပြခဲ့သူကတော့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် (KDNG) ရဲ့ ဥက္ကဋ္ဌ ကိုအောင်ဝါ ဖြစ်ပါတယ်။

“ပထမအချက်ကတော့ ဒေသခံတွေရဲ့ အိမ်ခြံမြေ အကုန်လုံး ပြောင်းရွှေ့ခံရမယ်။ ဥယျာဉ်ခြံတွေ၊ နေရာတွေလည်း အဖျက်ခံရမယ်။ သဘာ၀ ပတ်ဝန်းကျင်လည်း ဖျက်ဆီးခံရမယ်။ ဒုတိယအချက် အနေနဲ့တော့ မြစ်ဆုံဟာဆိုရင် ကချင်ပြည် ဒေသအတွက် အထူးအရေးကြီးတဲ့ဟာလည်း ဖြစ်တယ်။ နောက်တခုက ဒီမြစ်ဟာဆိုရင် မြန်မာပြည်အတွက် အဓိက မြစ်ကြီးတခုဖြစ်တယ်။ ဒါကြောင့် ဒီအပေါ်မှာတော့ မဆောက်သင့်ပါဘူး။”

တကယ်ကတော့ ဒေသတခုမှာ စီမံကိန်းကြီးတခု လုပ်တယ်ဆိုရင် အရင်ဆုံး အကျိုးခံစားခွင့် ရသင့်တာက ဒေသခံလူထု ဖြစ်တယ်ဆိုတာ ငြင်းမရတဲ့ ကိစ္စပါ။ တရုတ်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေက နေပြီးတော့ ဒေသခံတွေအတွက် ဘာအကျိုးအမြတ်မှ ရနေတာ မတွေ့ရဘူးလို့ ကိုအောင်ဝါက ဆက်ပြောခဲ့ပါတယ်။

တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရကို နိုင်ငံတကာ မျက်နှာစာမှာ အပြင်းအထန် ခုခံကာကွယ်ပေးနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ နိုင်ငံရေးအရ သဘောထား ကွဲလွဲသူတွေကို ထောင်သွင်း အကျဉ်းချထားတာတွေကြောင့် နိုင်ငံတကာက ဝိုင်းပြီး ပြစ်တင်ရှုတ်ချနေတဲ့ မြန်မာစစ်အစိုးရကို တရုတ်တို့က အကာအကွယ် ပေးနေတာဟာ သူတို့ ကိုယ်ကျိုးစီးပွား သက်သက်အတွက်ဖြစ်ပြီး တရုတ်ရဲ့ အကာအကွယ် ပေးမှုကြောင့် မြန်မာစစ်အစိုးရဟာ ကိုယ့်လူထုအပေါ်ကို ဖိနှိပ်အုပ်ချုပ်ခွင့် ပိုရနေတယ်လို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုကြပါတယ်။

XS
SM
MD
LG