သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အီရန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်ဖို့ နှိုးဆော်


တရုတ်-အီရန် နှစ်နိုင်ငံဆက်ဆံရေးမှာ “ကဏ္ဍသစ်” တရပ်ဖွင့်လှစ်ဖို့ တရုတ်သမ္မတ Xi Jinping နဲ့ အီရန်သမ္မတ Hassan Rouhani တို့က နှိုးဆော်လိုက်ကြပါတယ်။ တရုတ်သမ္မတရဲ့ အီရန်နိုင်ငံ တရားဝင် ခရီးစဉ်အတွင်း အခုလို နှိုးဆော်လိုက်တာပါ။

သံတမန်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ရည်ရွယ်တဲ့ သဘောတူစာချုပ် ၁၇ ခု လက်မှတ်ရေးထိုးပွဲကို အီရန်သမ္မတ စံအိမ်တော်မှာ ဒီကနေ့ကျင်းပတာမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ နှစ်ဘက်အပြန်အလှန် ကုန်သွယ်ရေး တိုးမြှင့်ဖို့လည်း နှစ်နိုင်ငံအကြား သဘောတူကြပါတယ်။

မစ္စတာ Xi ဟာ ၁၄ နှစ်အတွင်း အီရန်နိုင်ငံကို ပထမဆုံးအကြိမ်သွားတဲ့ တရုတ်သမ္မတတဦးဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ မဟာဗျူဟာ မြောက် မိတ်ဘက်ဆက်ဆံရေး တည်ထောင်ဖို့ နှစ်ဘက် သဘောတူကြတယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ ဒီကနေ့ နှောင်းပိုင်းမှာတော့ မစ္စတာ Xi ဟာ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားပြီး နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သုံးနှစ်တာ ကာလအတွင်းမှာတောင် မှပဲ တရုတ်နိုင်ငံဟာ အီရန်ရေနံကိုဝယ်ယူတဲ့ ထိပ်တန်းနိုင်ငံတခုဖြစ်ပါတယ်။ အခုဆိုရင် ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်း လိုက်ပြီဖြစ်ပြီး အီရန်က ရေနံထုတ်လုပ်မှုကို တိုးမြှင့်နေတာမို့ ဆက်ဆံရေး နောက်ထပ် တိုးလာနိုင်ပါတယ်။

အီရန်က နျူကလီးယားအစီအစဉ်ကို လျှော့ချတဲ့အတွက် အပြန်အလှန်အားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး နိုင်ငံတကာ ရဲ့ လုပ်ဆောင်ချက်တွေမှာ တရုတ်နိုင်ငံဟာ အဓိက အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့တာပါ။

XS
SM
MD
LG