သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အစိုးရ တရုတ်သံအမတ်ကို ဆင့်ခေါ်


ဂျပန်အစိုးရအတွင်းဝန်ချုပ် Yoshihide Suga
ဂျပန်အစိုးရအတွင်းဝန်ချုပ် Yoshihide Suga
နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ တရုတ်အစိုးရသင်္ဘောတွေ ရှိနေတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောဆိုဖို့ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ဂျပန်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။ ဒီ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ ကိစ္စကြောင့် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဆက်လက်ပြီးတော့ အဆင်မပြေဖြစ်နေဆဲပါ။

နှစ်နိုင်ငံ အကြီးတန်းသံတမန်တွေ တွေ့ဆုံ ဆွေးနွေးကြချိန်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ကျွန်းစုတွေဆီ တရုတ်အစိုးရက သင်္ဘောတွေ စေလွှတ်နေတာ ရပ်ဆိုင်းဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

တရုတ် ရေကြောင်းထောက်လှမ်းရေး သင်္ဘောသုံးစင်းဟာ ကျွန်းစုတွေပတ်ပတ်လည်က ဒေသဆီ တနင်္လာနေ့က ဝင်ရောက်ခဲ့ပြီး ၁၃ နာရီကြာ နေသွားခဲ့တယ်လို့ ဂျပန်ကပြောပါတယ်။ ဒီလုပ်ရပ်ဟာ အလွန်အမင်းကို ပုံမှန်မဟုတ်တဲ့ကိစ္စဖြစ်ပြီး မသင့်လျော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်အစိုးရ အတွင်းဝန်ချုပ် Yoshihide Suga က ပြောပါတယ်။

တရုတ်အစိုးရဟာ မကြာသေးခင်လတွေအတွင်း အငြင်းပွားရေပိုင်နက်ထဲ သင်္ဘောတွေ အကြိမ်ကြိမ် စေလွှတ်ခဲ့ပြီးတော့ ဒါဟာ သူတို့ဆန္ဒရှိတဲ့အတိုင်း လာနိုင်တယ်၊ သွားနိုင်တယ်ဆိုတာကို ပြဖို့ ကြိုးစားတဲ့လုပ်ရပ်အဖြစ် လေ့လာသူတချို့က သုံးသပ်ပါ တယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဂျပန်ပုဂ္ဂလိက ပိုင်ရှင်တဦးလက်ထဲကနေ ကျွန်းတွေကို ဂျပန်အစိုးရက ဝယ်ယူခဲ့တာကြောင့် တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။
XS
SM
MD
LG