အသစ်ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံထက် သာလွန်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာပါပြီ။
ကမ္ဘာပေါ်က အင်အားကြီးနိုင်ငံအဖြစ် အလျှင်အမြန် ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံမှာ ထူးခြားတဲ့ မှတ်တမ်းတင် ဖြစ်ရပ်တခု အဖြစ်နဲ့လည်း အကဲခတ်တွေက ဆိုနေကြတာပါ။
ဒီနှစ် ဒုတိယ ဘဏ္ဍာရေး ကာလမှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ မျှော်လင့်ထားတာထက် အားနည်းနေတဲ့ အကြောင်း ဂျပန်အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဘဏ္ဍာရေး ၃ လပတ် ကာလအဖြစ် ပြီးခဲ့တဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေအတွင်း ဂျပန်နိုင်ငံမှာ စီးပွားရေးကို တိုင်းတာတဲ့ စံနှုန်းတခုဖြစ်တဲ့ လူတဦးချင်း ပျမ်းမျှ ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ဟာ အမေရိကန် ဒေါ်လာ ၁.၂၈၈ ထရီလီယံ ရှိခဲ့တဲ့ တချိန်တည်းမှာ တရုတ်နိုင်ငံကတော့ ဒေါ်လာ ထရီလီယံ ၁.၃၃၇ ရှိခဲ့တာပါ။
တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုဟာ နှစ်အတော်ကြာအောင် ၁၀% တ၀ိုက်လောက်နဲ့ အလျှင်အမြန် ကြီးထွားလာနေတာဖြစ်ပြီး ဂျပန်နိုင်ငံကို ကျော်မတက်ခင် ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီနိုင်ငံတွေရဲ့ တိုးတက်မှုတွေထက် သာလွန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း နှစ်စဉ် ဖွံ့ဖြိုးမှု ပမာဏဟာ ဒေါ်လာ ထရီလီယံ ၁၄ သန်းကျော် ရှိနေပြီး တိုးတက်မှု ၃ ဆလောက် ကွာနေသေးတဲ့ အမေရိကန် ပြည်ထောင်စုကိုတော့ အမီလိုက်နိုင်ဖို့ နှစ်ပေါင်း ၂၀ လောက်အထိ လိုလိမ့်ဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။