သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား သတင်းထောက်တွေကို တရုတ်အစိုးရက တင်းကျပ်


နိုင်ငံခြား သတင်းထောက်တွေကို တရုတ်အစိုးရက တင်းကျပ်
နိုင်ငံခြား သတင်းထောက်တွေကို တရုတ်အစိုးရက တင်းကျပ်

နိုင်ငံရပ်ခြား သတင်းထောက်တွေ အနေနဲ့ ဘေဂျင်း မြို့လယ်ခေါင်မှာ လူတွေ့ မေးမြန်းတဲ့ အင်တာဗျူးလုပ်ဖို့ အစိုးရခွင့်ပြုချက် ရယူဖို့ လိုအပ်တယ်လို့ ဘေဂျင်း စည်ပင်သာယာ အာဏာပိုင်တွေက ပြောပါတယ်။ ဒီမူဝါဒဆိုင်ရာ ကြေညာချက်ကို တနင်္ဂနွေနေ့မှာ ဘေဂျင်းက နိုင်ငံခြားရေးရာ အရာရှိ လီဟုန်ဟိုင်း (Li Honghai) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား သတင်းထောက်တွေဟာ ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြား တရုတ်မြို့ကြီးတွေမှာ ဒီမိုကရေစီရေး စုဝေး ဆန္ဒပြမှုတွေ လုပ်ဖို့ ကွန်ပျူတာ အင်တာနက်က တောင်းဆိုမှုတွေကို သတင်းလုပ်ပြီး နိုင်ငံ မငြိမ်မသက်ဖြစ်အောင် တမင်သက်သက် လုပ်ဆောင်နေတယ်လို့ တရုတ်အစိုးရ အရာရှိတွေရဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာတာ သိပ်မကြာခင်မှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကွန်ပျူတာ အင်တာနက်ကနေ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့ကြီးတွေမှာ ဆန္ဒပြမယ့် နေရာတွေကိုပါ ဖော်ပြလာတာမို့ ပြီးခဲ့တဲ့ အပတ်ထဲမှာ ရဲတွေက နိုင်ငံခြား သတင်းထောက်တွေကို စတင် ကန့်သတ်မှုတွေ လုပ်လာခဲ့ပြီး အခု လီရဲ့ ကြေညာချက်ကနေ ကန့်သတ်ချက် အပြည့်အစုံကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာ ဘေဂျင်းမြို့တော်အတွင်း နိုင်ငံခြား တီဗွီသတင်းဌာနက ရိုက်ကူးမှုတွေအတွက် ခွင့်ပြုချက် မပါတာကို အကြောင်းပြပြီး ရဲတွေက ဟန့်တားခဲ့ပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်း ဥပဒေတွေကို မလိုက်နာတာ တွေ့ရှိခဲ့ရင် တရုတ်နိုင်ငံက နှင်ထုတ်တာ ခံရမယ်လို့ နိုင်ငံခြား သတင်းထောက် အများအပြား သတိပေးတာ ခံရပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်လောက်က အင်တာနက်ကနေ စုဝေးဆန္ဒပြဖို့ ထူးထူးဆန်းဆန်း လှုံ့ဆော်မှုတွေ စပြီး တွေ့လာရပေမဲ့ တရုတ်ပြည်သူတွေက လုံး၀ စိတ်မဝင်စားကြောင်းနဲ့ ဒီလှုံ့ဆော်မှုတွေအတွက် ရှုတ်ချကြောင်း တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘေဂျင်းမြို့တော် အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်အစိုးရ ပြောခွင့်ရ ဝမ်ဟူးကတော့ ဒီဆန္ဒပြဖို့ လှုံ့ဆော်တဲ့ ကြိုးစားမှုတွေဟာ တရုတ်နိုင်ငံရဲ့ တည်ငြိမ်မှုကို လျှော့တွက်ကြတာလို့ ဆိုပါတယ်။

XS
SM
MD
LG