တောင်ကိုရီးယားနိုင်ငံရဲ့ ကျွန်းတကျွန်းကို မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားကို တားဆီးပေးဖို့ တရုတ်နိုင်ငံကို တောင်ကိုရီးယားနိုင်ငံ သမ္မတ အီမြောင်ဘတ် (Lee Myung-bak) က လူသိရှင်ကြား တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ တရုတ်ဟာ ပိုပြီး တာဝန်ရှိရှိ၊ မျှမျှတတ လုပ်ဆောင်ရမယ်လို့ တောင်ကိုရီးယားကို အလည်အပတ် ရောက်ရှိနေတဲ့ တရုတ် နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘင်ဂေါင်း (Dai Bingguo) ကို သမ္မတက အခုလို ပြောခဲ့တာပါလို့ မစ္စတာအီးရဲ့ ရုံးက ပြောပါတယ်။
မြောက်ကိုရီးယားက ထပ်မံလုပ်ဆောင်လာမယ့် ရန်စမှုတွေကို တောင်ကိုရီးယားက ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ် ဆိုတာကိုလည်း မစ္စတာအီက သတိပေးလိုက်ကြောင်း သမ္မတရုံးက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ ရည်ရွယ်ပြီး ၄ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တရပ်ကို လုပ်ဖို့အတွက် ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်း ရေပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်တွေက တနင်္ဂနွေနေ့က နေရာယူလိုက်ကြပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် အဖြစ်ရော အကျိုးဆောင်အဖြစ်ပါ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တာပါ။ မြောက်ကိုရီးယားအပေါ် သူ့သြဇာကို အသုံးပြုပြီး ထိန်းပေးဖို့အတွက် အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဖိအားပေးနေတာကို တရုတ်နိုင်ငံက ရင်ဆိုင်နေရပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ၆ ပွင့်ဆိုင် အရေးပေါ် ဆွေးနွေးပွဲကို ဘေကျင်းမှာ နောက်လ ကျင်းပဖို့ တရုတ် အကြီးတန်း သံတမန် ဝေဒါဝီး (We Dawei) က တနင်္ဂနွေနေ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဖွဲ့ဝင် နိုင်ငံတွေက ရတက်မအေး ဖြစ်လာကြတဲ့ အဓိက ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီအစည်းအဝေးက အမြင်ဖလှယ်ကြဖို့ ရည်ရွယ်ပါတယ်လို့ သူက ဆိုပါတယ်။