သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ခလစာ တိုးမြှင့်မှုနဲ့ တရုတ်နိုင်ငံ ကုန်ထုတ်လုပ်မှုကဏ္ဍ


အလုပ်သမားတွေအတွက် လုပ်ခလစာတွေ နှစ်စဉ်တိုးမြှင့်ရေး တရုတ်အစိုးရက စီစဉ်နေပါတယ်။
အလုပ်သမားတွေအတွက် လုပ်ခလစာတွေ နှစ်စဉ်တိုးမြှင့်ရေး တရုတ်အစိုးရက စီစဉ်နေပါတယ်။

ဧပြီ ၂၅၊ ၂၀၁၀-တရုတ်နိုင်ငံမှာ လုပ်အားခတွေ တိုးလာနေတဲ့အတွက် ကုန်ထုတ်လုပ်မှု စရိတ်တွေလည်း တက်လာနေပါတယ်။

အလုပ်သမားတွေ လုပ်ခလစာတွေ ပိုရလာစေရေး တရုတ်အစိုးရက စီမံကိန်းချ ဆောင်ရွက် လာနေတာနဲ့အမျှ ကုန်ထုတ်လုပ်မှုမှာ စရိတ်စခတွေ ပိုတိုးလာမှာကို ကုန်ထုတ် လုပ်ငန်းရှင်တွေကြား စိုးရိမ်မကင်း ဖြစ်သံတွေ ထွက်ပေါ်လာပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခလစာတွေ မြင့်မားလာတာ၊ ကုန်ကြမ်းဈေးတွေ တက်လာတာ၊ တရုတ်ယွန်ငွေ တန်ဘိုးမြင့်လာတာ စတာတွေကြောင့် ဆယ်စုနှစ်နဲ့ချီပြီး ကမ္ဘာ့ဈေးကွက်ထဲမှာ ကုန်တွေကို ဈေးချိုချိုနဲ့ ရောင်းချနေတဲ့ အခြေအနေတွေ အဆုံးသတ်တော့မလား တွက်ဆ နေကြတာလည်း ဖြစ်ပါတယ်။

ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လုပ်ငန်းရှင်တွေ ဘယ်လိုနည်းလမ်းတွေ ရှာဖွေလာနေကြသလဲ ဆိုတာကိုတော့ ဗွီအိုအေ သတင်းထောက် Heda Bayron ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

တရုတ်ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း အစိုးရက ဝင်ငွေလစာကို နှစ်စဉ်တိုးသွားအောင် ရည်ရွယ်ဆောင်ရွက် လာနေတာပါ။ အလုပ်သမားတွေရဲ့ လစာတွေကို နှစ်စဉ် ၁၅% နှုန်းနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ၅ နှစ်စီမံကိန်းချ ဆောင်ရွက်သွားဖို့ ရှိနေတဲ့အကြောင်း တရုတ် လူသားအရင်းအမြစ်နဲ့ လူမှုလုံခြုံရေး ဒုဝန်ကြီး ယန် ချီမင်း (Yang Zhiming) က ဧပြီလလယ်မှာ ကျင်းပတဲ့ အလုပ်သမားရေးရာ ညီလာခံတခုအတွင်းမှာ ပြောဆိုလိုက်တဲ့အကြောင်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာက ဖော်ပြခဲ့တာပါ။

မကြာသေးခင် နှစ်တွေအတွင်း အသေအပျောက်တွေ ရှိခဲ့တဲ့အထိ စက်ရုံ၊ အလုပ်ရုံတွေမှာ ဆန္ဒပြပွဲတွေ ကြုံခဲ့ရတဲ့နောက် ဒီလို တရုတ်နိုင်ငံမှာ အလုပ်သမား လုပ်ခလစာတွေ တိုးမြှင့် ရရှိလာကြတာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီလို ဖိအားပေးမှုတွေရဲ့ ဒဏ်ကို ကုန်ထုတ်လုပ်ငန်းရှင်တွေ သိသိသာသာ ခံလာနေကြရတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ အလုပ်သမား ၁ ဒါဇင်လောက် ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြခဲ့တဲ့အထိ ကြုံခဲ့ရတဲ့ Apple ကုမ္ပဏီရဲ့ iPad ထုတ်လုပ်ရာ အလုပ်သမားပေါင်း ထောင်သောင်းချီ ရှိတဲ့ တရုတ်နိုင်ငံက Foxcoon ကုမ္ပဏီဟာ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးပေါ်ခဲ့ရတဲ့အထိ ဖြစ်ပါတယ်။ ဒီလို အမြတ်အစွန်း မထွက်နိုင် ဖြစ်လာနေတဲ့ လုပ်ငန်းတော်တော်များများဟာ အခုအခါ တရုတ်နိုင်ငံ တောင်ပိုင်းက ပုလဲမြစ်ဝှမ်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေကို တဖြည်းဖြည်းချင်း ရွှေ့ပြောင်းလာနေကြတာပါ။

Renley နာရီထုတ်လုပ်ရေး ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ် ဟောင်ကောင်စက်မှုလုပ်ငန်းရှင်များ အသင်းရဲ့ ပုလဲမြစ်ဝှမ်းကောင်စီ အကြီးအကဲလည်းဖြစ်တဲ့ စတန်လေ လော (Stanley Lau) ကတော့ တရုတ်နိုင်ငံမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာတွေဟာ မကြုံဖူးလောက်အောင်ကို တိုးလာနေတယ်လို့ ပြောပါတယ်။
“လုပ်ခလစာတွေက တိုးလာနေတာပါ။ ၂၀၁၀ ပြည့်နှစ်ထဲမှာ အနိမ့်ဆုံးလစာက ၂၀% အထိ တက်သွားပါတယ်။ ဒီနှစ်မှာလည်း အကြမ်းဖျင်း ၂၀% လောက် တက်ပါတယ်။ ကမ္ဘာပေါ်က တခြားနေရာတွေကို ကြည့်မယ်ဆိုရင် ဒီလောက်နှုန်းနဲ့ လစာတွေ တိုးတာ ဘယ်မှာမှ ရှာလို့ရမှာ မဟုတ်ပါဘူး။”

ဒီလိုပဲ ဝါဂွမ်း၊ ပလတ်စတစ်နဲ့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေလို ကုန်ကြမ်းပစ္စည်းဈေးတွေ တက်လာနေတာဟာလည်း ကုန်ထုတ်လုပ်ငန်းတွေအတွက် စိမ်ခေါ်မှုတွေ ဖြစ်နေရတယ်လို့ သူကပြောပါတယ်။ တရုတ်ယွန်ငွေဟာ ဒေါ်လာနဲ့ယှဉ်ရင် တန်ဘိုး တက်လာနေတာမို့ ဒါဟာ ပြည်ပကတင်သွင်းတဲ့ ကုန်ကြမ်းဈေးနှုန်းတွေ သက်သာစေနိုင်ပေမဲ့လည်း ပြည်တွင်းကထွက်တဲ့ ကုန်ကြမ်းတွေမှာတောင် ဈေးနှုန်းတွေက တက်လာနေတယ်လို့ ကုန်ထုတ်လုပ်ငန်းရှင်တွေက ပြောနေကြတာပါ။ တရုတ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဆိုရင်တော့ ၃ နှစ်နီးပါးအတွင်း အမြင့်ဆုံးအဖြစ် မတ်လထဲမှာ ၅.၄% အထိ ရောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံက ကုန်သွယ်ရေးမှာ အသာရပြီး ဘက်မညီမျှ ဖြစ်နေတာတွေကို ပြန်ပြီး ထိန်းညှိနိုင်ဖို့ ယွန်ငွေကို တန်ဘိုးမြှင့်သွားဖို့ လိုတယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဖိအားပေး တောင်းဆိုမှုတွေ ရှိနေတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာ တရုတ်ကုန်စည်တွေ ပိုပြီး ဈေးတက်နိုင်စရာလည်း ရှိနေတာပါ။ အမေရိကန်က Wal-Mart အပါအဝင် တခြားနိုင်ငံတကာက လက်လီဆိုင်ကြီးတွေအတွက် ကုန်တွေတင်သွင်းပေးနေတဲ့ ဟောင်ကောင် အခြေစိုက် Li and Fung ကုမ္ပဏီကတော့ ဒီနှစ်မှာ တရုတ်ပြည်ပ ပို့ကုန်တွေရဲ့ ဈေးတွေဟာ ၁၅% နှုန်းအထိ တိုးလာမယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ပြည်ပကုန်တင်ပို့သူ တရုတ်စီးပွားရေး လုပ်ငန်းတွေအတွက် ဒီလိုစိမ်ခေါ်မှုမျိုးတွေ အရင်ကလည်း ကြုံခဲ့ရဖူးပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာတုန်းကလည်း စက်ရုံလုပ်သားတွေရဲ့ လုပ်ခလစာတွေကို တိုးပေးဖို့ တရုတ်အစိုးရက ဥပဒေတရပ်ကို အကောင်အထည် ဖော်ခဲ့တာပါ။ အဲဒီတုန်းကလည်း လစာတွေ တိုးပေးရမယ့်အတွက် စက်ရုံတွေ ပိတ်လိုက်ရလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက သတိပေးခဲ့ကြဖူးပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန် လုပ်ငန်းဟာ အခုအချိန်အထိ ခိုင်ခိုင်မာမာ ရှိနေတုန်းပဲလို့ ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကောင်စီရဲ့ ဒုတိယ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်တဲ့ ပန်စီ ယောင်း (Pansy Yau) က ပြောပါတယ်။
“ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့ကို တင်ပို့မှုတွေထဲမှာ တရုတ်နိုင်ငံရဲ့ အပိုင်းကို ကြည့်တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ တင်ပို့မှု ပမာဏက ဆက်ပြီးတိုးနေတာကို တွေ့ရပါတယ်။ ဒါဟာ ကုန်ကျစရိတ်အတွက် ယှဉ်ပြိုင်နေရဆဲ ဖြစ်သလို၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရုတ်နိုင်ငံက လုပ်ခလစာနှုန်းဟာ အရှေ့တောင် အာရှက တချို့နိုင်ငံတွေနဲ့ တခြား ကုန်ကျစရိတ် သက်သာတဲ့ တိုင်းပြည်တွေထက် အများကြီး ပိုများနေတယ် ဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။”

တရုတ်အစိုးရကတော့ စီးပွားရေးတိုးတက်မှုတွေ မျှမျှတတ ဖြစ်စေဖို့အတွက် ဆင်းရဲပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ အတွင်းပိုင်း ဒေသတွေကို စက်ရုံတွေ ရွှေ့ပြောင်းပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်သွားကြဖို့ တိုက်တွန်းနေတာပါ။ ဒါပေမဲ့လည်း စက်ရုံတွေ အားလုံး အနေနဲ့ တရုတ်နိုင်ငံ တောင်ပိုင်း ဒေသက ရွှေ့ပြောင်းဖို့ မဖြစ်နိုင်ဘူးလို့ စီးပွားရေး အကဲခတ်တွေက မြင်ပါတယ်။ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ တခြားစက်ရုံတွေကို မှီခိုနေရတဲ့ လုပ်ငန်းတွေ အနေနဲ့ ဒီလို အပြောင်းအရွှေ့ အလွယ်တကူလုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။ တရုတ်နိုင်ငံ တောင်ပိုင်း ဒေသဟာဆိုရင် ကုန်ကြမ်းတွေကို တင်ပို့ဖို့နဲ့ ကုန်ချောတွေကို ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ဖို့ ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းတွေ ရှိသလို၊ ရေနဲ့ လျှပ်စစ်ဓာတ်အားကိုလည်း မှန်မှန်ရတဲ့ ဒေသတခု ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အတွင်းပိုင်း ဒေသတွေကို စက်ရုံတွေ ရွှေ့ပြောင်းကြရမယ်ဆိုရင် သယ်ယူ ပို့ဆောင်ရေးအတွက် ပိုပြီး ကုန်ကျရမှာ ဖြစ်တဲ့အတွက် ထုတ်လုပ်မှုစရိတ် ပိုပြီး ကုန်နိုင်တာပါ။

ထုတ်လုပ်မှုစရိတ် သက်သာစေဖို့ ပြည်ပကို လုပ်ငန်းတွေ ရွှေ့ပြောင်းမယ် ဆိုရင်တော့ အထည်စက်ရုံလို ကုန်ထုတ်လုပ်မှုတွေက အလွယ်ဆုံး ဖြစ်နိုင်ပြီး၊ အခြေခံအဆောက်အအုံတွေ အဆင်သင့်ရှိနေတဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေမှာ အဆင်ပြေနိုင်မယ်လို့ ဟောင်ကောင် စက်မှုလုပ်ငန်းရှင်များ အသင်းက စတန်လေ လော ကမြင်ပါတယ်။
“လွန်ခဲ့တဲ့နှစ်တွေမှာ ပြဿနာတွေ ကြုံရတုန်းက၊ အထည်စက်ရုံတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေ ဈေးကွက်မှာ ခွဲတမ်းရအောင်လို့ လုပ်ငန်းတွေ ဒီနိုင်ငံတွေကို ပြောင်းသွားကြပါတယ်။ ဒီနိုင်ငံတွေမှာ အခြေခံကောင်းတွေ ရှိနေကြတာပါ။ အီလက်ထရောနစ်ပစ္စည်း၊ ပလတ်စတစ်နဲ့ နာရီစက်ရုံလို တခြားလုပ်ငန်းတွေကတော့ ပိုပြီးတော့ အခက်အခဲရှိပါလိမ့်မယ်။ ဒီလို ပြောင်းမယ်ဆိုရင် လိုအပ်တဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေလည်း အတူလိုက်ပြောင်းဖို့ လိုအပ်နေလို့ပါ။ တခြား အစိတ်အပိုင်းတွေ ပို့ဆောင်ရေးမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။”

တရုတ်ကွန်မြူနစ် အစိုးရကတော့ ပြည်တွင်းပြည်ပမှာ ရောင်းချတဲ့ ကုန်ပစ္စည်းဈေးတွေကို ထိန်းသွားနိုင်ဖို့ လိုလားတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားတာပါ။ မတည်မငြိမ်ဖြစ်လာမယ့် အခြေအနေတွေ ဖြစ်လာနိုင်တဲ့ စားသောက်ကုန်နဲ့ အိမ်မြေဈေးတွေ တက်လာရာက ငွေကြေးဖောင်းပွမှုတွေ ကြီးထွားလာမှာကို ထိန်းချုပ်ဖို့ အတွက်လည်း တရုတ်အစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ယွန်ငွေကြေးကို ဈေးကွက်မှာ ပိုပြီးလွတ်လွတ်လပ်လပ် ရှိစေဖို့ ဆောင်ရွက် သွားမယ်လို့ ပြောဆိုထားပေမဲ့ ပြည်ပပို့ကုန် တန်ဘိုးတွေ မြင့်တက်လာပြီး၊ စက်ရုံတွေ ပိတ်လိုက်ရ၊ အလုပ်အကိုင်တွေ ဆုံးရှုံးရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံရမှာကို စိုးရိမ်မှုတွေနဲ့အတူ လက်တွေ့ငွေတန်ဘိုး ပြောင်းလဲမှုတွေမှာတော့ တဖြည်းဖြည်းချင်းသာ အကောင်အထည် ဖော်နေတာကို တွေ့မြင်နေရဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG