တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က Lancang-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပထမဆုံး အစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ဒီကနေ့ လက်ခံကျင်းပပါတယ်။ အဲဒီအစည်းအဝေးမှာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြတာပါ။
တရုတ်နိုင်ငံထဲအပိုင်းကို Lancang မြစ်လို့ခေါ်တဲ့ အရှေ့တောင်အာရှဒေသရဲ့ နာမည်ကျော် မဲခေါင်မြစ်ဟာ ဟိမဝန္တာတောင်တန်း တွေကနေ တရုတ်နိုင်ငံ ကိုဖြတ်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို စီးဆင်းနေတဲ့မြစ်ဖြစ်ပါတယ်။
အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi, ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Hor Nam Hong, လာအိုနိုင်ငံခြား ရေးဝန်ကြီး Thongloun Sisoulith, မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai, ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ တက်ရောက်ကြပါတယ်။
အရှေ့တောင်အာရှဒေသမှာ စီးပွားရေးတိုးချဲ့ဖို့နဲ့ သံတမန်ရေးအရ သြဇာလွှမ်းမိုးနိုင်ရေး မဟာဗျူဟာတခုရဲ့ တစိတ်တပိုင်းအဖြစ် တရုတ်နိုင်ငံက မဲခေါင်မြစ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ထားပါတယ်။ မြစ်ရဲ့ တချို့အစိတ်အပိုင်းတွေကို ပိုကြီးတဲ့ သင်္ဘောတွေ ဖြတ်မောင်းနိုင်အောင် မိုင်းခွဲပြီးတိုးချဲ့တာ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ငန်းအဆင့်တွေ လွယ်ကူချောမွေ့အောင်လုပ်တာနဲ့ သင်္ဘောတင်ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေကိ တိုးတက်အောင်လုပ်တာ စတာတွေကို တရုတ်နိုင်ငံက လုပ်ထားပါတယ်။
မြစ်ကြောင်းတလျှောက်က လူဦးရေ သန်း ၆၀ လောက်ဟာ စားနပ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေးနဲ့ သူတို့နေ့စဉ်ဘဝတွေရဲ့ တခြား လိုအပ်ချက်အမျိုးမျိုးအတွက် ဒီ မဲခေါင်မြစ်ကို မှီခိုအားထားနေကြရတာဖြစ်ပါတယ်။