သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အနောက်ပိုင်းမြေပြို လူ ၄၀ ကျော်သေဆုံး


တရုတ်နိုင်ငံ အနောက်ဘက်မှာ ရေလွှမ်းမိုးမှုတွေနဲ့အတူ မြေပြိုကျမှုတွေကြောင့် ဗုဒ္ဓဟူးနေ့က လူပေါင်း ၄၀ အထိ သေဆုံးပြီး ၂၀၀၈ ခုနှစ်တုန်းက မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေအတွက် အမှတ်တရ တည်ဆောက်ထားတဲ့ အထင်ကရ နေရာတခုလည်း ပျက်စီးသွားပါတယ်။

ဇီချွန်ပြည်နယ် Dujiangyan မြို့မှာ မြေအောက်ထဲ မြုပ်ကုန်ကြတဲ့ လူပေါင်း ၃၀ ကနေ ၄၀ လောက် ရှိရာ နေရာကိုတော့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေ အလျင်အမြန် သွားရောက်ခဲ့ကြကြောင်းလည်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

ရေလွှမ်းမိုးနေတဲ့ ဒေသတချို့ဟာဆိုရင်တော့ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် ဒေသက Jinzhong မြို့မှာလည်း ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းဒဏ်ကြောင့် ကျောက်မီးသွေးတွင်း တတွင်းကို အပြီးသတ် ဆောက်လုပ်နေကြတဲ့ အလုပ်သမား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဘေဂျင်းမြို့တော် အပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတလျှောက် မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ အင်္ဂါနေ့မှာပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ တရုတ်နိုင်ငံ တောင်ပေါ်ဒေသတွေဟာဆိုရင် ရေလွှမ်းမိုးမှုနဲ့ မြေပြိုကျမှုတွေကြောင့် နှစ်စဉ် လူပေါင်း ရာနဲ့ချီ သေဆုံးလေ့ ရှိတတ်ပါတယ်။

တနင်္ဂနွေနေ့ကစလို့ ရေလွှမ်းမိုးမှုတွေကြောင့် ဇီချွမ်ပြည်နယ်မှာ လူပေါင်း ၃ သိန်း ၆ သောင်း ရေဘေးဒဏ် ခံနေကြရပြီး၊ အိမ်ခြေ ၃၀၀ လောက် ပျက်စီးခဲ့သလို လူပေါင်း ၆,၁၀၀ ကိုလည်း အရေးပေါ် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတဲ့အကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
XS
SM
MD
LG