သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြေပြိုမှု အသက်ရှင်လျက် လူ ၁ ဦးကို ကယ်ဆယ်နိုင်


တရုတ်နိုင်ငံတောင်ပိုင်းက စက်မှုဇုန်တခုမှာ တနင်္ဂနွေနေ့က မြေပြိုမှုကြီးဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်လူငယ် ရွှေ့ပြောင်းအလုပ်သမားတဦးကို အပျက်အစီးပုံတွေ ကြားထဲကနေ အသက်ရှင်လျက် ကယ်ဆယ်လိုက်နိုင်ပါတယ်။

Guandong ပြည်နယ်၊ Shenzhen စီးပွားရေးဒေသက Hengtaiyu စက်မှုဇုန်မှာ အသက် ၁၉ နှစ်အရွယ် Tian Zeming ကို ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ကယ်ဆယ်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ သူ့ကို အနီးရှိ ဆေးရုံတရုံကို ခေါ်သွားပြီး ထိခိုက်ဒဏ်ရာတွေ အများအပြားကို ခွဲစိတ်ကုသပေးခဲ့ပြီးတဲ့နောက် အခြေအနေ တည်ငြိမ်နေပြီလို့ ပြောပါတယ်။သူဟာ တရုတ်အလယ်ပိုင်း Chongqing က ဖြစ်ပါတယ်။

Tian ရဲ့အောက်မှာပိနေတဲ့ နောက်ထပ်လူတယောက်ကိုလည်း ကယ်ဆယ်လုပ်သားတွေက ကယ်ဆယ်ခဲ့ပေမဲ့ အဲဒီလူကတော့ သေဆုံးသွားပါတယ်။ လူသေအလောင်းတလောင်းကိုလည်း အပျက်အစီးပုံတွေထဲက အင်္ဂါနေ့က ဆွဲထုတ်ခဲ့ပါတယ်။

မြေပြိုမှုကနေ အသက်မသေ ကျန်ရစ်သူတွေကို ရှာတွေ့နိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေ အချိန်ပြည့် ကြိုးပမ်းနေကြပါတယ်။ ရွှံ့နွံထုကြီးက မြစ်တခုလို စက်မှုဇုန်ထဲ စီးဝင်သွားတာကြောင့် စက်ရုံ ၁၄ ရုံနဲ့ လူနေအဆောင် ၃ လုံး အပါအဝင် အဆောက်အဦး ၃၃ လုံး ပြိုကျ ဒါမှမဟုတ် ပျက်စီးသွားတာပါ။ လူ ၇၀ ကျော် ပျောက်ဆုံးနေဆဲ ရှိပါတယ်။

ခုလိုမြေပြိုမှုဟာ၊ အနီးရှိ အမှိုက်ပစ်တဲ့နေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းက စွန့်ပစ်ထားတဲ့ မီတာ ၁၀၀ မြင့်တဲ့ အမှိုက်ပုံကြီးနဲ့ မြေကြီးတွေဟာ အဲဒီဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် ပျော့အိကျပြီး မြေပြိုတာဖြစ်တယ်လို့ တရုတ်မြေယာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြေပြိုကျမှုကြောင့် အနီးမှာရှိတဲ့ PetroChina ပိုင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ PetroChina ဟာ တရုတ်နိုင်ငံမှာ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။

XS
SM
MD
LG