သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရေကြီးမြေပြိုမှု လူ ၁၃၀ နီးပါး သေဆုံး


မြေပြိုမှုတွေကြောင့် လူပေါင်း ၁၂၇ ဦးထက်မနည်း သေဆုံးပြီး ၂,၀၀၀ လောက် ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆု (Gansu) ပြည်နယ်ကို ဒီနေ့ပဲ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) သွားရောက်ခဲ့ပါတယ်။

အဓိကအားဖြင့် တိဘက်ဒေသက ဂန်ဆုပြည်နယ်မှာ မနေ့ည စနေနေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြေတွေပြိုခဲ့ရာက ရွာတရွာလုံး မြေထဲ မြုပ်သွားခဲ့ရတယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

ဒါ့အပြင် ဂျိုချူး (Zhouqu) မြို့နယ်ရဲ့ တဝက်လောက်ဟာလည်း ရေလွှမ်းမိုးသွားတာကြောင့် လူ ၅၀,၀၀၀ ကျော် ရေဘေးဒဏ်ကို ခံစားနေကြရပါတယ်။

အစိုးရက ကျန်းမာရေး ဝန်ထမ်းအဖွဲ့တွေနဲ့ စစ်သား ၃,၀၀၀ လောက်ကို ဘေးဒဏ်သင့်တဲ့ ဒေသတွေဆီ စေလွှတ်ထားပြီး ဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။

လူတွေရဲ့အသက်ကို အတတ်နိုင်ဆုံး ကယ်နိုင်ဖို့ ကယ်ဆယ်ရေး လုပ်သားတွေ အနေနဲ့ လုံး၀ အားမာန်မလျှော့ကြဖို့ သမ္မတ ဟူဂျင်တောင်း (Hu Jintao) ရော ဝန်ကြီးချုပ် ဝမ်ကျားပေါင် တို့ကလည်း မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ဒေသ တော်တော်များများမှာ မိုးကြီး ရေလျှံမှုတွေကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG