သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တရုတ်ပင်လယ်ကျွန်းစုကိစ္စ ကန်-တရုတ် ကတောက်ကဆ


တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang
တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang

တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ကျွန်းစုဟာ အမေရိကန်နဲ့- ဂျပန် ၂ နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အောက်မှာ ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis ရဲ့ ပြောကြားချက်ဟာ နောက်ပိုင်းမှာ အရှေ့အာရှဒေသ တည်ငြိမ်ရေးအတွက် အန္တရာယ်ရှိအောင် အမေရိကန်က လုပ်ဆောင်ချက်လို့ တရုတ်အစိုးရက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်ဘက်က Diaoyu လို့ခေါ်ပြီး ဂျပန်ဘက်က Senkaku လို့ခေါ်တဲ့ ကျွန်းစုဟာ သေးငယ်တဲ့ လူမနေတဲ့ ကျွန်းကလေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒီကျွန်းစုကို တရုတ်က ပိုင်ဆိုင်တယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က ထပ်မံ အတည်ပြု ပြောကြားခဲ့သလို ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ မှတ်ချက်ပေးပြောဆိုမှုတွေ အမေရိကန် ဘက်က ရပ်တံ့ပေး ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက်ထဲမှာတော့ ဒေသတွင်း အခြေနေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာနဲ့ ဒီပြဿနာကို ရှုပ်ထွေးအောင် လုပ်ဆောင်မှုတွေကို အမေရိကန်ဘက်က ရှောင်ရှားသင့်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ရဲ့ ပြောဆိုချက်ကို ဖေါ်ပြထားပါတယ်။

သောကြာနေ့မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံစဉ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mattis က ဂျပန်အစိုးရ အုပ်ချုပ်ချုပ်မှု အောက်မှာရှိတဲ့ ဒီကျွန်းတွေ အပါအဝင် ဒေသအားလုံးဟာ ၂ နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်ထဲမှာ အကြုံးဝင်တယ်လို့ ပြောကြားခဲ့ကြောင်း ဝန်ကြီး Mattis ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG