သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကိုလာတဲ့ ခရီးသည်တွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ ရုတ်သိမ်း


တရုတ်နိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားတွေအတွက် သတ်မှတ်ရက်အတွင်း သီးသန့်နေထိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို တရုတ်အစိုးရက တနင်္ဂနွေနေ့က ပယ်ဖျက်လိုက်ပါတယ်။ Zero-Covid ခေါ် ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာအရ၊ ရောဂါပိုးတွေ့တာနဲ့ သီးသန့်နေထိုင်ရပြီး၊ ပိုးတွေ့သူဝန်းကျင်နေရာကို ပိတ်ဆို့ကန့်သတ်လိုက်တာပါ။ ဒီမူဝါဒဟာ စီးပွါးရေးကို အထိနာခဲ့ပြီး၊ တရုတ်နိုင်ငံတလွှားမှာ မကျေမနပ် ဖြစ်ကြရာက ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီမူဝါဒကို ပယ်ဖျက်ပြီး၊ တရုတ်နိုင်ငံလာသူတွေအတွက် သီးသန့်နေထိုင်ရမယ့် သတ်မှတ်ချက် မရှိတော့တဲ့အတိုင်း၊ ဘေကျင်းလေဆိပ်မှာ နိုင်ငံတကာ ခရီးသည်တွေနဲ့ ပြည်တွင်းခရီးသည်တွေကြား ခွဲခြားထားတဲ့ အတားအဆီးတွေကိုလည်း လေဆိပ်အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်။

တရုတ်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ပိုင်း ရှိထားတဲ့ ဟောင်ကောင်နဲ့ သွားလာရေး အကန့်အသတ်တွေကိုလည်း အာဏာပိုင်တွေက ဖယ်ရှားလိုက်ပြီးတဲ့နောက် အသွားအလာတွေ ရှိနေပါပြီ။ လာမယ့် ၂ လ အတွင်းမှာ ဟောင်ကောင်ကနေ တရုတ်ပြည်ကို သွားကြမယ့် ခရီးသွား ၄ သိန်း တစ်သောင်းကျော် ရှိမယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။

ချုံကင်းမှာတော့ ကိုဗစ်စစ်ဆေး‌ရေး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ လုပ်ခလစာ တိုးတောင်းတဲ့ ဆန္ဒပြပွဲတစ်ရပ်ကို ထိန်းသိမ်းရာမှာ ရဲနဲ့ ရာချီတဲ့ ဆန္ဒပြသူတွေကြား စနေနေ့က ပဋိပက္ခ ဖြစ်ပွါးခဲ့ကြပါတယ်။ လူမှုမီဒီယာပေါ် တက်လာတဲ့ ဗွီဒီယိုတွေအရ ZYBIO ကုမ္ပဏီရဲ့ စက်ရုံမှာ ဖြစ်ပွါးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ထုတ်တွေ့ရှိခဲ့ပေမဲ့၊ ဆက်သွယ်တဲ့အခါမှာတော့ ဖုန်းကိုင်သူက ဘာမှပြန်လည် မဖြေကြားခဲ့ဘူး လို့ ရိုက်တာက ဆိုပါတယ်။

======== Unicode ====





XS
SM
MD
LG