သုံးရလွယ်ကူစေသည့် Link များ

တရုတ်အတိုက်အခံ လူရှောင်ဘိုကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနား ကျင်းပ


တရုတ်အတိုက်အခံ လူရှောင်ဘိုကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနား ကျင်းပ

တရုတ်နိုင်ငံက ဝေဖန်တိုက်ခိုက်နေတဲ့ကြားကပဲ နိုဘဲလ်ဆုကော်မတီက ၂၀၁၀ အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို တရုတ်အတိုက်အခံ လူရှောင်ဘိုကို ဒီကနေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆုပေးပွဲ အခမ်းအနား ကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ ပုရိသတ်တွေ မတ်တက်ရပ် ဂုဏ်ပြုပြီး လက်ခုပ်သြဘာတွေ ပေးနေချိန်မှာပဲ နော်ဝေး နိုဘဲလ် ကော်မတီဥက္ကဌ သော်ဘွန်းဂျက်ကလင် က နိုဘဲငြိမ်းချမ်းရေးဆု လက်မှတ်ကို လူရှောင်ဘိုအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံပေါ်မှာ တင်ပေးခဲ့ပါတယ်။

ဒီအခမ်းအနားဟာ အလိမ်အညာတွေနဲ့ပြည့်နေတဲ့ နိုင်ငံရေးဇာတ်ခုံတခုလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဝေဖန်လိုက်ပြီး တရုတ် ရုပ်သံတွေမှာ ဒီအခမ်းအနားကို ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။ လူရှောင်ဘိုဟာ အကျဉ်းကျခံနေရတဲ့အတွက် ကိုယ်တိုင် လာမယူနိုင်တာမို့ ၀မ်းနည်းကြောင်းနဲ့ ဒီအချက်ကိုကြည့်တာနဲ့တင် သူ့ကိုဒီဆုပေးဖို့ လိုအပ်ပြီး တကယ်လည်း သူဟာ ဒီဆုနဲ့ သင့်လျော်တယ်ဆိုတာ ပြနေတယ်လို့ မစ္စတာ ဂျက်ကလင်က အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူရှောင်ဘိုရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ချီးကျူးခဲ့ပါတယ်။

လူရှောင်ဘိုကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားတာမို့ အခမ်းအနားမှာ သူ့အတွက် ထိုင်ခုံလွတ် ထားပေးခဲ့တာပါ။ သူ့ရဲ့ ဇနီးဖြစ်သူကိုလည်း နေအိမ်အကျယ်ချုပ် ချထားတာမို့ ကိုယ်စား မတက်ရောက်နိုင်ပါဘူး။ ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရခဲ့တဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကိုယ်တိုင် ဆု သွားရောက် မယူနိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ စီးပွားရေးမှာ တိုးတက်ခိုင်မာလာခဲ့ပေမဲ့ တရုတ်အစိုးရက နိုင်ငံကို ဘယ်လိုအုပ်ချုပ်သင့်တယ်လို့ အကြံဉာဏ်ပေးခဲ့သူကို ထောင်ဒဏ် ၁၁ နှစ်ချမှတ် အရေးယူတာမျိုးနဲ့ အစိုးရရဲ့ အားနည်းချက်ကို ထင်ထင်ရှားရှား ပြသနေတယ်လို့ နိုဘဲလ် ကော်မတီဥက္ကဌ ဂျက်ကလင်က ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG