သူပိုင်ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ပေါ်က တချို့အပိုင်းတွေပေါ်မှာ အမေရိကန် ထောက်လှမ်းရေးလေယာဉ် ဖြတ်ပျံသန်းတယ်ဆိုပြီး ဒီကနေ့ပဲ တရုတ်က မကျေမနပ် ကန့်ကွက်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ပြောသွားတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အနေနဲ့ မှားယွင်းနေတဲ့ လုပ်ရပ်တွေကို ပြင်ဆင်ပါ၊ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သတ်ပြီးလည်း တာဝန်မဲ့ပြောဆိုမှုတွေ လုပ်ရပ်တွေကို ရှောင်ကျဉ်ပါလို့လည်း ပြောသွားပါတယ်။ အမေရိကန် ထောက်လှမ်းရေးလေယာဉ်ဟာ တရုတ်တို့ မြေဖို့နေတဲ့ ကျွန်းတွေပေါ် ဖြတ်ပျံသန်းတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရကတော့ ဒီပျံသန်းမှုတွေဟာ လုံးဝ မှားယွင်းတဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပြောနေပြီး တရုတ်ကတော့ ဒါဟာ သူတို့ပိုင်ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေရဲ့လုံခြုံရေးကို အနှောက်အယှက်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ လူလုပ်ကျွန်းတွေ တည်ဆောက်နေတဲ့ကိစ္စကို ရပ်ပစ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေတာကို မရပ်ပစ်ရင်တော့ ဒီ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်နဲ့ အမေရိကန်ကြား သေချာပေါက် စစ်ဖြစ်နိုင်တယ်လို့ တရုတ်အစိုးရ ကွန်မြူနစ်ပါတီရဲ့ အာဘော် - ဒီကနေ့ ထုတ် Global Times သတင်းစာမှာ ပြောထားပါတယ်ရှင်။