သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စစ်စရိတ် လျှော့ချမှု နှင့် တောင်တရုတ်ပင်လယ် ကြီးစိုးရေး


စင်ကာပူ ရေတပ်သဘောၤ တရုတ်နိုင်ငံ Zhanjiang မြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်စဉ် တရုတ် ရေတပ်သဘောၤသားတွေ စောင့်ကြည့်နေပုံ (အောက်တိုဘာ၊ ၂၁၊ ၂၀၁၈)
စင်ကာပူ ရေတပ်သဘောၤ တရုတ်နိုင်ငံ Zhanjiang မြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်စဉ် တရုတ် ရေတပ်သဘောၤသားတွေ စောင့်ကြည့်နေပုံ (အောက်တိုဘာ၊ ၂၁၊ ၂၀၁၈)

တရုတ်နိုင်ငံဟာ စစ်ရေးအသုံးစာရိတ်ကို လျှော့ချပေမယ့် ရေပြင်ပိုင်နက် ချဲ့ထွင်ရေးအတွက်တော့ အခြားအရင်းအမြစ်တွေကို အသုံးပြုဖွယ် ရှိနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် ရေပြင် ပိုင်ဆိုင်မှုတောင်းဆိုချက်ကို စစ်ရေးအသုံးစာရိတ် မမြှင့်ပဲ ဘယ်လိုဆက်လက် လုပ်ကိုင်သွားမလဲဆိုတာ VOA သတင်းထောက် Ralph Jennings တိုင်ပေက ပေးပို့တဲ့သတင်းလွှာကို ဦးကျော်ဇံသာက ရှင်းပြမှာပါ။

အင်္ဂါနေ့ က ပြည်သူ့ Congress ကို တင်သွင်းတဲ့ budge အစီရင်ခံစာ မူကြမ်းမှာတော့ တရုတ် နိုင်ငံဟာ ကာကွယ်ရေး အသုံးစရိတ်ကို ၇.၅ ရာခိုင်နှုန်း သုံးစွဲမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကာကွယ်ရေး အသုံးစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁၁၇ ဘီလျံနီးပါး ဖြစ်ပါလိမ့်မယ်။ မနှစ်တုန်းကတော့ ၈.၁ ရာခိုင်နှုန်း သုံးစွဲခဲ့တာပါ။

လုပ်ရိုးလုပ်စဉ်အတိုင်းပဲ တရုတ် အစိုးရကတော့ တောင်တရုတ် ပင်လယ်မှာ စစ်ရေးအရ ဆက်လက် စိုးမိုးနိုင်ဖို့အတွက်ဆိုရင် အရပ်ဘက် ဌာနတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဆီကပါ လိုအပ်သလို ဆွဲပြီးတော့ သုံးစွဲလိမ့်မယ်လို့ ရေကြောင်း သုတေသီတွေက ဆိုကြပါတယ်။

ဟောင်ကောင် ကနေ ဘရူနိုင်း၊ Borneo၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ အထိ ကျယ်ပြန့်ပြီးတော့ တောင်တရုတ် ပင်လယ်ရဲ့ ဧရိယာ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ စတုရန်းမိုင် ၂ သန်းကျော် ရေပြင်ကို တရုတ်က သူတို့ ပိုင်တယ်ဆိုပြီး လုပ်နေတာပါ။ ရေတပ် သဘောၤတွေ စစ်လေယာဉ်တွေနဲ့ ဒီနေရာမှာ လွှမ်းမိုးပြနေလေတော့ ကျန်တဲ့ နိုင်ငံတွေ အတွက် ခံပြင်းစရာ ဖြစ်လာပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း တရုတ်ကို ဆန့်ကျင်တဲ့ သဘောနဲ့ သူတို့ရဲ့ စစ်သဘောၤတွေ လေယာဉ်ပျံတွေကို စေလွှတ်ခဲ့ပါတယ်။

Oh Ei Sun ဟာ စင်ကာပူအခြေစိုက် နိုင်ငံရေးသုတေသီ တဦးဖြစ်ပါတယ်။

“တောင်တရုတ် ပင်လယ်အတွင်း တရုတ်ရဲ့ ချဲ့ထွင်မှုဟာ ကျယ်ပြန့်ပါတယ်။ စစ်ဘက် ပါတယ်၊ အရပ်ဘက်တွေလည်း ပါဝင်ပါတယ်။ ဆိုတော့ စစ်ရေး အပြုမူ သက်သက်တော့ မသိမသာ လျော့နည်းနိုင်ပါတယ်။ ဒါပေမဲ့ တောင်တရုတ် ပင်လယ် နယ်ပယ် အများအပြားကို ကြီးစိုးရေး အားထုတ်မှုကတော့ ဆက်ရှိနေအုံးမယ်လို့ ထင်ပါတယ်။”

တောင်တရုတ် ပင်လယ် ထိန်းချုပ်ဖို့ တရုတ် ရေတပ် သဘောၤတွေ ၂၀၁၂ မှာ အရေအတွက်အားဖြင့် ၅၀၀ ကျော်လောက် ဖြန့်ချထားခဲ့ပြီး အခုအခါမှာတော့ ၇၀၀ ကျော် ရှိလာပြီ ဖြစ်တယ်လို့လည်း နောက်သုတေသီ တဦးက ဆိုပါတယ်။ ဒါကို အားဖြည့်တဲ့ အနေနဲ့ နိုင်ငံပိုင် ရေနံတူးဖော်ရေး ကုမ္ပဏီကလည်း ဗီယက်နမ်နဲ့ အငြင်းပွားနေတဲ့ နေရာမှာ ရေနံသွားတူးနေပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေကလည်းပဲ လူနေလို့မရတဲ့ ကျွန်းတွေကို ဆည်ဖို့ပြီးတော့ အစိုးရ ခြေကုတ်စခန်းဖြစ်အောင် လုပ်ပေးနေကြပါတယ်။

တောင်တရုတ် ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်ကို လွှမ်းခြုံပြီး ရေရှည် စောင့်ကြည့်ရေး ကွန်ယက်တခုကိုလည်း တရုတ်က တည်ဆောက်ဖို့ ရှိနေတယ်လို့လည်း ပြီးခဲ့တဲ့ ၂ နှစ်ကပဲ သုတေသီတွေက ပြောခဲ့ကြပြီးတော့ မြေငလျင် တိုင်းထွာရေးစခန်းကနေ အချက်အလက်တွေကိုလည်းပဲ ကျန်နိုင်ငံတွေနဲ့ သူတို့ လဲလှယ်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါတွေ အားလုံးဟာ တရုတ်နိုင်ငံရဲ့ ရေပိုင်နက် တောင်းဆိုမှု လုပ်ငန်းတွေကို တရားဝင်အောင် လုပ်နေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

Stephen Nagy ဟာ Tokyo Christian International တက္ကသိုလ်က ပါမောက္ခ တဦးဖြစ်ပါတယ်။

“တရုတ် စစ်တပ်က စစ်ပစ္စည်း စုဆောင်းရေးအတွက် ဝင်ငွေရအောင် စီးပွားရေးတွေ လုပ်ပါတယ်။ ဥပမာပြောရရင် သိပ္ပံပညာဆိုင်ရာ သံဂေးသမန်ဂေး Science Diplomacy ကို သုံးပြီး စူးစမ်းလေ့လာရေးတွေလုပ်ရင်း ဝင်ငွေရှာပါတယ်။”

တရုတ် စစ်တပ်ဟာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေး စီမံကိန်းလုပ်ရင်း အေစိုးရနဲ့ အရပ်ဘက်လုပ်ငန်းတွေစီက ဝင်ငွေတွေ ရယူနေတယ်လို့ အမေရိကန် အခြေစိုက် လေ့လာမှုတရပ်ကလည်း ဖော်ပြပါတယ်။

ကာကွယ်ရေး Budget က ကြံခိုင်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အရပ်ဘက် ဌာနတွေက စစ်တပ်ကို ငွေပြန်ပေးရတယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ချေးငွေစာချုပ်တွေကို ထုတ်ရောင်းပြီးတော့လည်း တရုတ် အစိုးရက ဝင်ငွေ အမြောက်အမြားရရှိနိုင်တယ်လို့ စင်ကာပူ အခြေစိုက် သုတေသီတဦးဖြစ်တဲ့ Termsak Chalermpalanupap က ဆိုပါတယ်။

ဒါ့အပြင် တောင်တရုတ် ပင်လယ်အတွင်းမှာ သူတို့ လိုချင်တဲ့ ကျွန်း တည်ဆောက်တဲ့ လုပ်ငန်းတွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် အဲ့ဒီနေရာမှာ ကုန်ကျစရိတ် သိပ်မလိုတော့ပဲ နယ်မြေထိန်းချုပ်တဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်ဖို့လိုတော့တယ်လို့ သူက ပြောပါတယ်။

“တရုတ် စီးပွားရေးဟာ လွှမ်းခြုံပြောရရင် နှေးကွေးလာတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဘာတွေကို သုံးမယ်၊ ဘာကို မသုံးဘူးဆိုတာ ပိုပြီး သတိထားရမယ် ထင်ပါတယ်။ တည်ဆောက်စရာ သိပ်မရှိတော့ပါဘူး။ သူတို့ လိုချင်တာ ရပြီးပါပြီ။”

ဆိုတော့ ဘာပဲပြောပြော ဒီကနေ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်နှေးလာတဲ့အတွက် စစ်အသုံးစရိတ်ကို တရားဝင် လျှော့ချသည့်တိုင်အောင် တောင်တရုတ် ပင်လယ် ပိုင်ဆိုင်မှုတောင်းဆိုတဲ့ ကိစ္စတွေကိုတော့ အလျှော့မပေးဘဲ ကျန်တဲ့ နေရာတွေက ရန်ပုံငွေရယူပြီးတော့ အခိုင်အမာ ဆက်လက် လုပ်ဆောင်သွားမယ် ဖြစ်ကြောင်းပါတဲ့ ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG