သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ


တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ
တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

မြန်မာအစိုးရကို ကျောထောက်နောက်ခံ ပေးထားတယ်လို့ အများက မြင်နေကြတဲ့ တရုတ်နိုင်ငံက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရက အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးနောက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးမှာလည်း ပြောင်းလဲလာနေတဲ့ အခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ အဓိကမဟာမိတ် နိုင်ငံတခုအဖြစ် ယုံကြည်ထားကြတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ခပ်ကင်းကင်း နေလာတာဖြစ်ပေမဲ့ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ခေါင်းဆောင်တဦးနဲ့ပါ တွေ့ဆုံလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျုံဝှာ
(Li Junhua) နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံ ဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ထပ်တလဲလဲ တောင်းဆိုနေတဲ့အတွက် တွေ့ဆုံခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ လျူ ဝေမင်း (Liu Weimin) က ဒီကနေ့ပဲ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတာကို အခါပေါင်းများစွာ ပြောဖူးပါတယ်၊ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို တုန့်ပြန်တဲ့ အနေနဲ့ တရုတ်သံအမတ်ကြီး သွားတွေ့ခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ၂ နိုင်ငံကြား မဟာဗျူဟာကျတဲ့ အပြည့်အ၀ ဆက်ဆံရေးမျိုး ထားရှိဖို့ သန္နိဓာန် ချထားတာဖြစ်သလို၊ မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေး တိုးတက်အောင် လူတွေဘ၀ သာယာဝပြောအောင် ကြိုးပမ်းမှုတွေဟာ အင်မတန် အရေးကြီးတာကို တရုတ်နိုင်ငံက လက်ခံထားတယ်၊ နိုင်ငံတခုရဲ့ အရေးကို ဝင်မစွက်ဖက်ရေး မူဝါဒအပေါ် အခြေခံပြီး၊ ၂ နိုင်ငံစလုံးက လူထုအတွက် ပိုမိုအကျိုးများစေဖို့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ သက်ဆိုင်ရာ လူမှု အသိုင်းအဝန်းက အားလုံးနဲ့ တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့ က တရုပ်သံအမတ်ကြီးနဲ့ အတူ ဒုတိယ အတွင်းဝန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၃ နာရီကနေ ညနေ ၄ နာရီကျော်ထိ ၁ နာရီကျော် တွေဆုံခဲ့ပါတယ်။ ကနဦး ၂ ဦး ၂ ဖက် ဆက်ဆံရေး တွေရင်းနှီးလာစေဖို့ အတွက် အခုလို တွေ့ဆုံကြတာပါလို့လည်း NLD အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်သာမြင့်ကပြောပါတယ်။

"ပထမတော့ တယောက်နဲ့တယောက် ရင်းနှီးဖို့ပါပဲ၊ တယောက်သဘော တယောက်သိဖို့ပါ။ အခုဟာက ဒီကြားထဲမှာ အနှစ် ၂၀ ကျော်က တရုပ်နဲ့ ကျနော်တို့ကြားထဲမှာ ပွင့်လင်းတဲ့ နားလည်မှု မရှိဘူးပေါ့။ အဲဒါအတွက် ပထမဆုံး အဆင့်အနေနဲ့ လာတွေ့တာပါ။ တယောက်နဲ့တယောက် နားလည်မှု အများကြီး ရပါတယ်။"

NLD ပါတီက ဦးခွန်သာမြင့်ပါ။

လာမယ့် သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးကို တက်ဖို့ နိုင်ငံတော်ကောင်စီဝင် ဒိုင် ဘင်ဂေါင်း (Dai Bingguo) လာရောက်မှာ ဖြစ်ပါတယ်။ ဒီလို တရုတ်အဆင့်မြင့် အရာရှိတွေ မြန်မာနိုင်ငံကို လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ ခုချိန်ထိ မသိရသေးပေမယ့် တရုတ်ဖက်က ပြောင်းလဲလာတဲ့ ဆက်ဆံရေးတွေကြောင့်ရော လက်ရှိ အမေရိကန် မြန်မာ ဆက်ဆံရေးတွေကြောင့်ပါ တရုတ် ခေါင်းဆောင်တွေဟာ အစိုးရနဲ့ေ တွ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ခြေ ရှိနိုင်တယ်လု့ိလည်း မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြတာရှိပါတယ်။

တခါ ဒီကနေ့ ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ်မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဥရေပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အကြံပေး Mr. Robert Cooper နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေရော CRPP အဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ပြောဆိုဖြစ်ခဲ့တယ်လို့ NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"မနက်၁၀နာရီက ကျနော်တို့အဖွဲ့ချုပ် ရွေဂုံတိုင်ရုံးမှာပါ။ CRPP အဖွဲ့တွေကလည်း သူတို့ရဲ့ အခက်အခဲ၊ သူတို့ပါတီတွေ ဘာကြောင့် မှတ်ပုံပြန်မတင်ဖြစ်သေးတယ် ဆိုတာရယ် ဘာကြောင့် ဆိုတဲ့နေရာမှာ ဥပမာ ရှမ်းဆိုရင် ခွန်ထွန်းဦးတို့၊ စိုင်းညွန့်လွင်တို့ အခုထိ မလွတ်မြောက်သေးတဲ့ အတွက် သူတို့အနေနဲ့ ခေါင်းဆောင်တွေ မရှိလို့ မှတ်ပုံမတင်ရသေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ စီးပွားရေးကိစ္စတွေ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ IMF ကိစ္စတွေ၊ IMF တို့ဘာတို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးတာပါ။ မစ္စတာ Cooper က အရင်လည်း တခေါက် လာဖူးပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ရွေးကောက်ပွဲကိစ္စ၊ လွတ်လပ်ဖို့နဲ့ Secret Voting နဲ့ Monitoring တွေရှိရင် ကောင်းမယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးပါတယ်။"

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါ။

ဒါ့အပြင် မစ္စတာ Cooper က နိုင်ငံတော်သမ္မတနဲ့ရော အစိုးရအဖွဲ့ဝင် တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်း အရာတချို့ကို ရှင်းပြခဲ့တယ်လိုလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

တခါ လာမယ့် ဇန်နဝါရီလဆန်းပိုင်းထဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလံျဟေ့ဂ် (William Hague) လည်း မြန်မာနိုင်ငံကို လာရောက်ဖိ့ုရှိပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အာရှခရီးစဉ်ကို အဆုံးသတ်သွားတဲ့ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Drek Mitchell ကတော့ သူတရုတ်နိုင်ငံက ိုရောက်စဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ရေးတွေ၊ ဆက်ဆံရေးတွေ တိုးမြင့်လာတယ်ဆိုပေမယ့် တရုတ်နိုင်ငံကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်းပြောခဲ့ပါတယ်။ အမေရိကန်အနေနဲ့ တရုတ် မြန်မာဆက်ဆံရေးမှာ အနှုတ်လက္ခဏာပြဖို့ မလိုလာဘူးလို့ ဘေဂျင်းမြို့တော်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG