သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အင်တာနက် ဆင်ဆာလုပ်မှု စွပ်စွဲချက် Microsoft ပယ်ချ


အမေရိကန် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Microsoft က အမေရိကန်ပြည်ထောင်စုက သုံးစွဲသူတွေကို ထိခိုက်အောင် သူ့ရဲ့တရုတ် ဘာသာစကားနဲ့ထုတ်တဲ့ search engine Bing မှာ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ထားတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

ဆင်ဆာလုပ် ဖြတ်တောက်တယ်ဆိုတဲ့ စွပ်စွဲမှု မမှန်ကန်ကြောင်း Bing က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး တရုတ်အစိုးရရဲ့ တရားဝင် လိုအပ်ချက်လို့ သတ်မှတ်မှုတွေဟာ တရုတ်ပြည် ပြင်ပက သုံးစွဲသူတွေနဲ့ မသက်ဆိုင်သလို သူလုပ်ဆောင်တာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ search engine စနစ်မှာ မှားယွင်းမှုတွေရှိနေပြီး တချို့ သုံးစွဲသူတွေကို ဖယ်ရှားမယ့် သတိပေးချက်တွေ ပေးပို့နေတာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်ပြည် ပြင်ပမှာဖြစ်တဲ့ ပြဿနာတွေကတော့ သူတို့ ဖြတ်တောက် တည်းဖြတ်လို့ ဖြစ်တာမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုပါတယ်။

အစောပိုင်းတုန်းကတော့ တိဘက်ဘုန်းတော်ကြီး Dalai Lama လိုမျိုး တရုတ်အစိုးရက ခွဲထွက်လိုသူလို့ သတ်မှတ်ထားတာပါတဲ့ စာလုံးတွေ ဆင်ဆာအလုပ်ခံရတဲ့အတွက် ရှာမတွေ့ဘူးလို့ အင်တာနက် လွတ်လပ်ခွင့် လှုပ်ရှားတဲ့ GreatFire.org က ဆိုပါတယ်။

တရုတ်အစိုးရက ပိတ်ပင်ထားတဲ့ စာလုံးတွေဖြစ်တဲ့ Dalai Lama တို့ Bo Xilai တို့လို စာလုံးတွေအတွက် Bing.com နဲ့ စမ်းပြီး ရှာကြည့်တဲ့အခါမှာလည်း ပိတ်ပင်ထားတာတွေ့ရပြီး Bing ပြိုင်ဘက် Google နဲ့ ရှာတဲ့အခါမှာတော့ တရုတ်ဝပ်ဆိုဒ်နဲ့ မတူဘဲ အင်္ဂလိပ် ဝပ်ဆိုဒ်တွေမှာလိုပဲ တွေ့ရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အင်တာနက်သုံးစွဲသူ သန်း ၆၀၀ လောက်ရှိနေတာမို့ တရုတ်နဲ့ စီးပွားရေးလုပ်နိုင်ဖို့အတွက် အခုလို ဆင်ဆာ ဖြတ်တောက်မှုတွေမလုပ်ဖို့ တရုတ်အစိုးရကို အနောက်တိုင်း ကုမ္ပဏီတွေက ကာလအတော်ကြာကတည်းက ပြောဆိုနေကြတာပါ။
XS
SM
MD
LG