သုံးရလွယ်ကူစေသည့် Link များ

တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ၁၁.၂ ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၁၀၆.၇ ဘီလျံသုံးစွဲမယ်လို့ ကြေညာလိုက်ပါတယ်။ တရုတ်စီးပွားရေး ဆက်လက် တိုးတက် ခိုင်မာနေတာနဲ့အမျှ စစ်အင်အား ချဲ့ထွင်မှုကို အလျင်အမြန် ဆောင်ရွက်နေတဲ့သဘော ဖြစ်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၁၁ ခုနှစ်က အမှန်တကယ် သုံးစွဲစရိတ်ထက်ကို ဒေါ်လာ ၁၀.၆ ဘီလျံလောက် တိုးမြှင့်သုံးစွဲသွားမှာ ဖြစ်တယ်လို့ လွှတ်တော်ပြောခွင့်ရသူ Li Zhaoxing က ဒီကနေ့ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတမ်းနဲ့ လူဦးရေ ၁.၃ ဘီလျံ နေထိုင်တဲ့ နိုင်ငံကြီးတစ်ခုဖြစ်တဲ့ တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ တခြား နိုင်ငံကြီးတွေနဲ့ ယှဉ်ရင် တော်တော်ကြီးကို နည်းပါတယ်လို့ ပြောခွင့်ရသူ မစ္စတာ Li က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စု ပြီးရင် တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တရုတ်က စစ်အင်အားကို မြန်မြန်ဆန်ဆန် တိုးချဲ့ နေမှုအပေါ် အာရှနိုင်ငံ တလွှားမှာတင်မက အမေရိကန်အစိုးရကပါ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရကတော့ စစ်တပ်ကို ခေတ်မှီအောင် လုပ်နေတာတွေဟာ ကာကွယ်ဖို့သက်သက်သာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်စာတစ်ခုမှာ တရုတ် စစ်တပ်အင်အား တိုးချဲ့နေတာတွေဟာ ထိုင်ဝမ်နဲ့ ပဋိပက္ခဖြစ်လာခဲ့မယ်ဆိုရင် တခြားအင်အားကြီး နိုင်ငံတွေရဲ့ ကြားဝင် စွက်ဖက်မှုကနေ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG