သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်တပ်စွမ်းရည် ဆက်လက် တိုးမြှင့်သွားမည်


တရုတ်နိုင်ငံ စစ်တပ်ရဲ့ကဏ္ဍအသီးသီးမှာ အဆင့်အတန်း တိုးမြှင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိကြောင်း ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ခေတ်မီအောင် ပြုလုပ်မှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် က ပြောဆိုလိုက်ပါတယ်။

စစ်တပ်ရဲ့တာဝန်တွေဟာ စစ်ရေးအရ ခုခံကာကွယ်ရေးအပြင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းရေး၊ သဘာ၀ ဘေးအန္တရာယ်တွေ အရေးပေါ်အကူညီတွေ ပံ့ပိုးပေးရမယ့် တာဝန်တွေပါ အပ်နှင်းထားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက တရုတ်နိုင်ငံရဲ့ အခုနှစ် စစ်ရေးဘတ်ဂျက် အသုံးစားရိတ်ကို ၁၁.၂ ရခိုင်နှုန်း တိုးမြှင့် သုံးစွဲမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံ အသုံးပြုမယ်လို့ ကြေညာပါတယ်။ ဒါဟာ အမေရိကန်ပြီးရင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအတွက် ငွေကြေးအသုံးပြုမှု အများဆုံး နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေး တိုးချဲ့နိုင်ရေးအတွက် ပြည်တွင်း ဝယ်ယူသုံးစွဲမှု မြင့်မားအောင် လုပ်ဆောင်ကြဖို့ တရုတ်ဝန်ကြီးချုပ်က ပါတီ နှစ်ပတ်လည် ညီလာခံအဖွင့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒီရည်မှန်းချက်တွေဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ တချိန်တည်းမှာပဲ တဘက်ကလည်း တည်ငြိမ်မှုရှိအောင် အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာကို ပြသလိုက်တာပဲလို့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောပါတယ်။

အစိုးရအနေနဲ့လည်း မြေယာပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးတာ၊ ကုန်ဈေးနှုန်းတွေ ထိန်းချုပ်ပေးတာနဲ့ လုပ်ငန်းခွင် စိတ်ချလုံခြုံမှုရှိအောင် လုပ်ဆောင်ပေးတာ စတဲ့ကဏ္ဍတွေမှာ လက်ရှိထက် တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာကို ဝန်ကြီးချုပ်က ဝန်ခံပြောဆိုသွားပါတယ်။

XS
SM
MD
LG