သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တရုတ်တောင်ပိုင်းမှာ တရုတ်စစ်တပ်စစ်ရေးလေ့ကျင့်

The border wall between China and Myanmar with barbed wire and a Chinese national flag
The border wall between China and Myanmar with barbed wire and a Chinese national flag

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်းမှာ တရုတ်စစ်တပ်က ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းစစ်ဒေသအတွင်းက ကြည်းတပ်အနေနဲ့ လျင်မြန်စွာ တုံ့ပြန်နိုင်မှု၊ နယ်စပ်ဒေသကို ပိတ်ဆို့ထိန်းချုပ်မှု၊ ပစ်ခတ်တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းနဲ့ပြန်ကြားရေး ပြောခွင့်ရ လေတပ် အကြီးတန်းဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောတာကို တရုတ်အစိုးရရဲ့ ရှင်ဟွာသတင်းမှာ ကိုးကားဖော်ပြပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ်ပြုလုပ်တဲ့ လေ့ကျင့်မှုဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်တောင်ပိုင်းနဲ့ ထိဆက်နေတဲ့ မြန်မာနိုင်ငံဘက်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ ပူးပေါင်းမဟာမိတ်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်တိုင်းရင်းသား မဟာမိတ်တွေဘက်က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးချိန်ကစလို့ စစ်ကောင်စီ လုံခြုံရေးစခန်းပေါင်း ၁၇၀ ထက်မနည်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ရဲ့ ထိုးစစ်အရှိန်ကို နောက်တဆင့်တိုးတော့မယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး နောက်တရက်မှာပဲ တရုတ်နိုင်ငံတောင်ပိုင်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ ရုတ်တရက် ဖြစ်ပွားလာနိုင်တဲ့ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားမှာ ဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမယ်လို့ လေတပ်အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြားခဲ့ပါတယ်။

အခုလို တရုတ်နိုင်ငံဘက်မှာ ပုံမှန် စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ့်အစီအစဉ်ကို မြန်မာဘက်ကို အကြောင်းကြားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

"မြန်မာနိုင်ငံနဲ့လည်း တရုတ်နိုင်ငံအတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျှက် ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူသမ္မတနိုင်ငံ တပ်မတော်ရဲ့ ရေတပ်စစ်သင်္ဘောများလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မကြာမီမှာ လာရောက်လည်ပတ်ဖို့ ရှိပါတယ်။"

ဘယ်လောက်တပ်ဖွဲ့အင်အားနဲ့ ဘယ်လောက်ကြာအောင် စစ်ရေးလေ့ကျင့်မလဲဆိုတာကိုတော့ တရုတ်ဘက်က ပြောကြားထားခြင်း မရှိပါဘူး။ တရုတ် မြန်မာနယ်စပ်ဒေသမှာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲတွေကြား တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ကို လက်နက်ကျည်တွေ ကျရောက်တယ်ဆိုတာကို ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကားဝန်းထဲမှာ လက်နက်ကြီးကျည်ကျလို့ ပေါက်ကွဲ မီးလောင်ပြီး ကုန်တင်ကား အများအပြားနဲ့ ကုန်တွေပျက်စီးဆုံးရှုံးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG