တရုတ်နိုင်ငံမြောက်ပိုင်း မြို့တမြို့က ကျောက်မီးသွေးတွင်းမှာ ဒီကနေ့ စနေနေ့ ပေါက်ကွဲမှုတခုဖြစ်ခဲ့တာကြောင့် လူ ၁၇ ယောက် ထက်မနည်း သေဆုံးသွားတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ Yicheng စီရင်စုက Liugou ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှုကြောင့် အပြင်းအထန် ဒဏ်ရာရသူ ၇ ဦးအပါအ၀င် လူ ၂၀ ထက်မနည်းလည်း ဒဏ်ရာရသွားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။
ပေါက်ကွဲမှုဟာ လူနေဆောင်တခုမှာ ဒါမှမဟုတ် အဲဒီနားမှာဖြစ်ခဲ့ပြီး အခုတော့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံး သတ်လိုက်ပြီလို့ ဒေသတာဝန်ရှိသူ တဦးက ဆင်ဟွာကိုပြောပါတယ်။
အဲဒီနေရာမှာ တရားမ၀င် ဖွက်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဆိုတာ ကနဦး စုံစမ်းစစ်ဆေးမှုတခု ကနေ သိထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် သံသယရှိသူ တဦးကို ရဲက ဖမ်းထားပြီး ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လုပ်နေပါတယ်။