သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အတွက် မြန်မာ စီးပွားရေးနဲ့ စစ်ရေးအရာ ဗျူဟာကျ


တရုတ်ရေတပ် သင်္ဘော ၂ စီး မြန်မာနိုင်ငံကို ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာ လွှမ်းမိုးထားတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံက အားပြိုင်မှုတွေ လုပ်လာတာလို့ မြင်ကြသလို ပင်လယ်ဝါဒေသထဲမှာ တောင်ကိုရီးယားနဲ့ လက်တွဲပြီး ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ့် အမေရိကန်နိုင်ငံကို အားပြိုင်ဖို့ ကြိုးစားမှုရဲ့ တစိတ်တဒေသလို့ နိုင်ငံရေး အကဲခတ် တချို့က မြင်ပါတယ်။ တရုတ်နိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို သူ့ရဲ့ စီးပွားရေးအရ ချဉ်းကပ်တာ သေချာသလို မြန်မာနိုင်ငံရဲ့ အနေအထားဟာလည်း စစ်ရေးအရ မဟာဗျူဟာ ကျနေတာကြောင့်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်အမှတ် ၅၊ ရေကြောင်း စောင့်ရှောက်တပ်က ရေယာဉ် ၂ စီး တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပြီး တရုတ်ရေတပ် သင်္ဘောသားတွေ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ရေကြောင်းဆိုင်ရာ ရင်းနှီးမှုတွေ မလုပ်ခင်ကတည်းက တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အရှေ့တောင်အာရှ ဒေသမှာ မိတ်ဆွေဖွဲ့နိုင်ဖို့အတွက် သိသိသာသာ ကြိုးစားခဲ့တာ တွေ့ရပြီး အောင်မြင်မှုတွေလည်း ရခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု မစ်ရှီဂန် တက္ကသိုလ်က လူထု မူဝါဒရေးရာ ပါမောက္ခ ဂျွန် ချော်စရီက ပြောပါတယ်။ ဒီအထဲမှာ အထူးသဖြင့် ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေနဲ့ အကျွမ်းဝင်ဖို့ ကြိုးစားတာဟာ လုံခြုံရေးအရအပြင် စီးပွားရေးအရ မဟာဗျူဟာ ကျတာကြောင့်လို့ ပြောပါတယ်။

“တရုတ်က ကမ္ဘောဒီးယားကို မြင်ပုံ သဘောထားက မြန်မာနိုင်ငံအပေါ် ထားပုံနဲ့ သိပ်မကွာလှပါဘူး။ အရှေ့တောင်အာရှ ဒေသမှာ တရုတ်က အိမ်နောက်ဖေး လုံခြုံမှု ရစေတဲ့ မဟာဗျူဟာအရ မိတ်ဆွေနိုင်ငံဖြစ်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက်က ဒီလိုနိုင်ငံတွေနဲ့ မိတ်ဆွေတွေ ဖြစ်ရတာက နောင်မှာ တရုတ်အတွက် အရေးပါတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့နိုင်တဲ့ ဆိပ်ကမ်းအဖြစ် သုံးနိုင်ဖို့လည်း ပါပါတယ်။

“တရုတ်နိုင်ငံအတွက် စင်ကာပူက မလက္ကာရေလက်ကြား အပြင် ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အမြား ဖြတ်သန်းနေရတဲ့ အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဌာန် ရှိနေတဲ့ ရေကြောင်းသွားလာရေး ဒေသက သူ့နိုင်ငံရဲ့ စီးပွားရေးကို ကိုင်လှုပ်နိုင်တဲ့နေရာ ဖြစ်နေတာမို့ သိပ်ကို အရေးပါပါတယ်။”

ဒီလို စီးပွားရေး အနေအထားအရ အချက်အချာ ကျနေတဲ့ မြန်မာနိုင်ငံကို တရုတ်က စစ်ရေးအရပါ ထဲထဲဝင်ဝင် ဆက်ဆံနိုင်ဖို့အတွက် ကြိုးစားပြီး ဒေသတွင်း လုံခြုံရေးအတွက် နေရာယူတဲ့သဘော ဖြစ်မယ်လို့ အမေရိကန် အခြေစိုက် ယနေ့မြန်မာ စာစောင်က အယ်ဒီတာ ဦးမြင့်လှိုင်က သုံးသပ်ပါတယ်။

“ရခိုင်ကမ်းရိုးတန်းကနေ အခု တည်ဆောက်မယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတွေကနေ တရုတ်ပြည်ကို ရေနံစိမ်းတွေ တင်ပို့မယ်ဆိုရင် တရုတ်ပြည်က မလက္ကာရေလက်ကြား စင်ကာပူကနေ တောက်လျှောက်သွားတဲ့ ခရီးကုန် သက်သာမယ်၊ အချိန်သက်သာမယ်၊ ငွေကြေးသက်သာမှာ ဖြစ်သလို တရုတ်ပြည်ရဲ့ အနောက်ဘက်အခြမ်းပေါ့၊ မြန်မာနိုင်ငံက တရုတ်ပြည်ရဲ့ အနောက်ဘက် ပင်လယ်ထွက်ပေါက်လို့ ပြောလို့ရပါတယ်။

“အဲဒီကနေ လှမ်းကြည့်မယ်ဆိုရင် သူနဲ့ အင်အားပြိုင်နေတဲ့ အိန္ဒိယနိုင်ငံကို သူက တိုက်ရိုက် ခြိမ်းခြောက်နိုင်ပါတယ်။ အဲဒီအတွက် အခု မြန်မာနိုင်ငံ ကမ်းလွန်ရေနံက စီးပွားရေးအတွက် အရေးကြီးသလို စစ်ရေးကလည်း အရေးကြီးပါတယ်။

“နောက်တခါ မလက္ကာရေလက်ကြား၊ စင်ကာပူ တောက်လျှောက်ကလည်း တရုတ်ပြည်က အရှေ့တောင်အာရှ နိုင်ငံတွေကို သူတို့ စီးပွားရေးအရ အများကြီး တိုးချဲ့ဖို့ စဉ်းစားထားတာ ရှိပါတယ်။ အဲတော့ အဲဒီဒေသတွေရဲ့ လုံခြုံရေးကလည်း သူ့အတွက် အရေးကြီးပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက အရာရှိတွေက တရုတ်ရေတပ် သင်္ဘောတွေကို အကျွမ်းဝင်နေမယ်၊ တရုတ်အနေနဲ့ တစုံတရာ သင်္ဘောတွေကို မြန်မာနိုင်ငံမှာ ထားနိုင်မယ်ဆိုရင် အရှေ့တောင်အာရှ ဒေသကို နှစ်ဘက် ခွပြီး ထိန်းထားသလို ဖြစ်ပါတယ်။ ဗီယက်နမ်ထိပ်ကနေ ထိန်းထားနိုင်သလို ဒီဘက်မှာလည်း မြန်မာနိုင်ငံကနေ ထိန်းထားနိုင်စရာ ရှိပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဗီယက်နမ် ခရီးစဉ်မှာဆိုရင် ဗီယက်နမ်တို့ ဘာတို့နဲ့ အမေရိကန်ရဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကို တရုတ်အနေနဲ့ ပူပန်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံလို သူ့အတွက် အသုံးကျမယ့် နိုင်ငံတခုကို တရုတ်အနေနဲ့ စစ်ရေးအရ သိသိသာသာကြီး စတင် အသုံးချဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။”

တရုတ်စစ်သင်္ဘော ၂ စီး မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေချိန်မှာ တရုတ်ရေတပ်က မြောက်ကိုရီးယားနိုင်ငံနားက ပင်လယ်ဝါ ဒေသထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ ပြင်နေပါတယ်။ ဒီပင်လယ်ဝါ ဒေသထဲမှာ နိုင်ငံတကာ ရေပိုင်နက်က အများစုကို နေရာယူထားပေမဲ့ တရုတ်က သူ့နိုင်ငံ လုံခြုံရေးအတွက် အချက်အချာ ကျတယ်လို့ ယူဆထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်မှာကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG