သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး ဖိအားပေး ခံရဖွယ်ရှိ


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ စစ်အစိုးရကို ပံ့ပိုးထောက်ခံနေတာ နှစ်နဲ့ချီ ကြာနေတဲ့ တရုတ်နိုင်ငံကို ဒီသီတင်းပတ်ထဲ မြန်မာစစ်ခေါင်းဆောင် သွားရောက် လည်ပတ်ချိန်မှာ အိမ်ရှင် တရုတ်နိုင်ငံဆီက ပြင်းထန်တဲ့ ပြောကြားမှုတွေကို ကြားရဖို့ ရှိတယ်လို့ တရုတ်နိုင်ငံ ဘေဂျင်းက ဗွီအိုအေ သတင်းထောက် ပီတာ ဆင်မ်စန် (Peter Simpson) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံ ၄ ရက်ခရီးကို စတင်တော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရအတွက် အနီးကပ်ဆုံး ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာမို့ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) ဆီက စီးပွားရေး အရရော၊ သံတမန်ရေး အရပါ ပံ့ပိုးထောက်ခံမှုတွေ ဆက်ပြီး ရနေစေဖို့အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ကြိုးစားမယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က လက်ခံလာအောင် ကြိုးစားဖို့လည်း ရှိပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ် အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၅၀ နီးပါး နေလာခဲ့ရတဲ့ မြန်မာနိုင်ငံကို အရပ်ဘက် အုပ်ချုပ်ရေး ပြောင်းလဲရေးမှာ အဓိကကျတဲ့ ခြေလှမ်းတရပ် အဖြစ်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ပုံဖော်နေတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံ အများအပြားနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ပြီး စစ်တပ်က ထိန်းချုပ်မှုကို ဖယ်ရှားပေးမယ့် အရိပ်အယောင် မမြင်ရဘူးလို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျန်းယု (Jiang Yu) က ကြေညာခဲ့ပေမဲ့ ရှင်းရှင်းလင်းလင်းတော့ မပြောကြားခဲ့ပါဘူး။

“နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ပြည်တွင်းဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို အပြန်အလှန် ပြောကြားဖို့ ရှိတယ်။” လို့ တရုတ်ဘာသာနဲ့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နှစ်ရှည်လများ ဖြစ်ပေါ်နေတဲ့အတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှုတွေ သိပ်လုပ်လေ့ မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ ဝေဖန်သံကို သိပ်မကြားရပေမဲ့ ဒီတခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာတော့ သီးသန့် တွေ့ဆုံပွဲတွေမှာ ပြင်းပြင်းထန်ထန် အပြောဆိုခံရနိုင်ဖွယ် ရှိတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို လေ့လာနေတဲ့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်တဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark Farmaner) ကတော့ ...

“သူတို့ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ အတတ်နိုင်ဆုံး နိုင်ငံတကာ လက်ခံမှုရအောင် လုပ်ဖို့ သန်းရွှေကို ပြောကြမှာပါ။ ဒါကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရော အာဆီယံနဲ့ တခြား နိုင်ငံတကာနဲ့ တွေ့ဆုံပွဲတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အချေအတင် ငြင်းခုန်နေရတာမျိုး သူတို့ မလိုချင်လို့ပါ။” လို့ ပြောသွားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဆီက တွင်းထွက်သတ္တုတွေ၊ သစ်နဲ့ သဘာဝဓာတ်ငွေ့တွေ ဝယ်ယူနေတဲ့အပြင် လူသုံးကုန်တွေ တွင်တွင်ကျယ်ကျယ် ရောင်းချနေရတာမို့ မြန်မာနိုင်ငံဟာ သူတို့အတွက် အဖိုးတန်တဲ့ ကုန်သွယ်ဘက် နိုင်ငံတနိုင်ငံ ဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်တိုင်းရင်းသား ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ကျော်လောက် ပြေးဝင် ခိုလှုံခဲ့တာမို့ တရုတ်နိုင်ငံက စိတ်ပျက်လက်ပျက်နဲ့ လူသိရှင်ကြား ရှားရှားပါးပါးပဲ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် လက်ရှိ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေဖြစ်တဲ့ ရှန်ဟိုင်း ကုန်စည်ပြပွဲနဲ့ ဟောင်ကောင်တဘက်ကမ်းက ရှန်ဇန်းကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဂွမ်ဂျိုး ဆွန်ယက်ဆင် တက္ကသိုလ် အာရှ၊ ပစိဖိတ် လေ့လာရေးကျောင်းက ပါမောက္ခ ဝှမ်ယုကျင် (Huan Yunjin) ကတော့ ...

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို ထုတ်ပြီး မပြောနိုင်ပါဘူး။ ဒါပေမဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကူအညီ တောင်းခဲ့ရင်တော့ စီးပွားရေးလမ်းကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို အသေးစိတ် ပြောပြနိုင်တဲ့အပြင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုပါ ညွှန်ပြနိုင်လိမ့်မယ်။” လို့ တရုတ်ဘာသာနဲ့ ပြောသွားပါတယ်။

Burma Campaign UK က မာ့ခ် ဖာမနာကတော့ ...

“သူတို့က မြန်မာနိုင်ငံ ပြိုကွဲမှာကို စိုးရိမ်နေတာမို့ နိုင်ငံတည်ငြိမ်မှုရအောင် စစ်အစိုးရ လုပ်ဆောင်စေချင်တာပါ။ ဒါ့အပြင် သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတနိုင်ငံက အနောက်နိုင်ငံတွေရဲ့ ရုပ်သေးရုပ်လို ဖြစ်နေတာကို မလိုချင်ပါဘူး။ အခု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေဟာ အနောက်နိုင်ငံတွေဘက်ကို ပိုပြီး ယိမ်းနေတာမို့ ဒါမျိုး မဖြစ်စေချင်ပါဘူး။”

နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာစစ်အစိုးရကို အခုကျင်းပမယ့် ရွေးကောက်ပွဲကို ပွင့်လင်းစွာ ကျင်းပပေးဖို့နဲ့ ကျူးလွန်ထားတဲ့ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိစေဖို့အတွက် တရုတ်အစိုးရက ဖိအားတွေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG