သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ စီးပွားဆက်ဆံရေး တိုးတက်ပေမဲ့ မြန်မာလူထု အကျိုးမခံစားရ


မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက တရုတ်နဲ့ မြန်မာ ၂ နိုင်ငံအကြား ဆက်ဆံရေးတွေ ပိုပြီး တိုးမြှင့်နေသလို တရုတ်ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြန်မာပြည်မှာ တော်တော်များလာနေပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေက ရတဲ့အကျိုးအမြတ်တွေကို မြန်မာပြည်သူတွေ ထိထိရောက်ရောက် မခံစားရဘဲ ဖြစ်နေတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေသူတွေက ဝေဖန်ကြပါတယ်။ တရုတ်ပြည်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတဲ့ ကိစ္စကြောင့်လည်း ဒေသခံ မြန်မာပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံရမှာလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံပြီးရင် တရုတ်နိုင်ငံဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှမှု အများဆုံး လုပ်နေတဲ့ နိုင်ငံပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာပြည်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ရှိတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။ ဒီပမာဏဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၁၁.၅% ကို တရုတ်က လုပ်ဆောင်နေတဲ့ သဘောပါပဲ။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ များနေပေမဲ့လည်း မြန်မာပြည်သူတွေကတော့ အကျိုးအမြတ် ခံစားရတာတွေ နည်းနေတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေသူ တဦးဖြစ်တဲ့ ထိုင်းအခြေစိုက် အမျိုးသား ဒီမိုကရေစီ လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေးမှူး ဦးညိုအုန်းမြင့်က ပြောပါတယ်။

“တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုပြီး များလာတာကတော့ မြန်မာပြည်ပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုကို အနောက်နိုင်ငံတွေက ပြုလုပ်ထားတဲ့ အတွက်ကြောင့် တရုတ်အစိုးရ အနေနဲ့ ပြိုင်ဘက်မရှိ လုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်သူတွေ အပေါ်မှာ တချို့တဝက်တော့ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ အဓိက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးက တရုတ်ကုမ္ပဏီတွေ၊ တရုတ်ရဲ့ စက်မှုလုပ်ငန်းတွေအတွက် ပိုပြီး အကျိုးရှိတယ်လို့ ပြောနိုင်ပါတယ်။”

တရုတ်ဟာ မြန်မာပြည်မှာ စွမ်းအင်ဆိုင်ရာ ကိစ္စတွေကို အခုနောက်ပိုင်း ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပါတယ်။ မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ကပ်လျက် တရုတ်ပြည် ယူနန်နယ်ထဲကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုလည်း စနေပါပြီ။ ဒီလို ပိုက်လိုင်းသွယ်တန်းမှုကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ မြန်မာပြည်ကို စီးပွားရေးအရ လွှမ်းမိုးမှု ကြီးကြီးမားမား လုပ်ထားတဲ့ သဘောပဲလို့ ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“ဒါ အင်မတန်မှ မဟာဗျူဟာမြောက်တဲ့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်ဘက်က ကြည့်မယ်ဆိုရင်တော့ ဓာတ်ငွေ့ပိုက်လိုင်းကို ချထားခြင်းအားဖြင့် မြန်မာနိုင်ငံဟာ သူ့ရဲ့ ရင်ခွင်ပိုက် တိုင်းပြည်လေးတခုအဖြစ် ကျရောက်နေပြီဆိုတာ ကျနော်တို့အားလုံး သတိထားသင့်ပါတယ်။”

မြန်မာပြည်ကနေ ထိုင်းကို ရောင်းချနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးနဲ့ ပိုက်လိုင်း သွယ်တန်းမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အခု တရုတ်နဲ့ လုပ်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုမှာလည်း ဒီလိုပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“တရုတ်အစိုးရဘက်က အခုနောက်ပိုင်း သူတို့ရဲ့ ပေါ်လစီအသစ်တွေကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာကိုလည်း ဦးစားပေးတာကို ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး အပိုင်းတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်ဖို့ကို ဝန်လေးမှာ မဟုတ်ပါဘူး။

“ဥပမာ စစ်တပ်က ပေါ်တာဆွဲပြီးတော့ ငွေမရဘဲနဲ့ လုပ်ရမယ့် အလုပ်သမားတွေ၊ ပေါ်တာဆွဲခံရမယ့် ပြဿနာတွေ အများကြီး ကြုံလာနိုင်ပါတယ်။ ဒေသခံ အာဏာပိုင်တွေရဲ့ တင်းကျပ်မှုကို တရုတ်ကုမ္ပဏီတွေကိုယ်တိုင် ခံစားနေရတဲ့အတွက် တရုတ်အစိုးရ အနေနဲ့လည်း ဒီအပေါ်မှာ အခက်အခဲ အများကြီး ရှိတယ်လို့ ကျနော်တို့ သိထားပါတယ်။”

သူများတိုင်းပြည်တွေကို စွမ်းအင်တွေ ရောင်းချနေပေမဲ့ ကိုယ့်တိုင်းပြည်ထဲမှာ ပြည်သူတွေ မီးမမှန်၊ ရေမမှန် ဖြစ်နေတာတွေကို စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ဂရုမစိုက်ဘူးလို့လည်း ဦးညိုအုန်းမြင့်က ဝေဖန်ပါတယ်။ မြန်မာနဲ့ တရုတ်အကြား စီးပွားရေး လုပ်ငန်းတွေမှာ နယ်စပ်ကုန်သွယ်ရေးကလည်း အဓိက ကျပါတယ်။ အခုတလော တရုတ်၊ မြန်မာ နယ်စပ်မှာ ရှိနေတဲ့ စစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ စစ်အစိုးရအကြား မပြေလည်မှုတွေ များလာတာဟာ တရုတ်အတွက် စိုးရိမ်စရာပဲလို့ ဆိုပါတယ်။

“ယူနန်ပြည်နယ်ရဲ့ အဓိက စီးပွားရေး မိတ်ဘက်က မြန်မာနိုင်ငံ ဖြစ်ပါတယ်။ တကယ်လို့များ အပစ်ရပ် အဖွဲ့တွေနဲ့ နအဖကြားထဲမှာ တင်းမာမှုတွေက ယူနန်ပြည်နယ်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ ကုန်သွယ်ရေး လုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒီအတွက်ကြောင့် တရုတ်အစိုးရ အနေနဲ့လည်း နအဖရဲ့ အခုလက်ရှိ သောင်မတင် ရေမကျ ဖြစ်နေတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ ဆက်ဆံရေးကြားမှာ သူ့အနေနဲ့ အထူးစိုးရိမ်မှာ ဖြစ်ပါတယ်။”

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အဖွဲ့ တရုတ်ပြည်ကို ရောက်နေတာ ၃ ရက် ရှိသွားပါပြီ။ သူမပြန်ခင် တရုတ်ပြည်က စီးပွားရေး ထွန်းကားတဲ့ ရှန်ဟိုင်းမြို့က ကုန်စည်ပြပွဲနဲ့ ရှန်ဇန်းမြို့တွေကိုလည်း သွားဖို့ရှိပါတယ်။ မကြာခင်တုန်းက မြန်မာပြည်ကို ရောက်လာခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ ခရီးစဉ်မှာတုန်းက စီးပွားရေး အပါအဝင် ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်ကြမယ့် သဘောတူညီချက် ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာလည်း စီးပွားရေးနဲ့ တခြားကိစ္စတွေ တိုးချဲ့ လုပ်ကိုင်ကြမယ့် သဘောတူညီချက်တွေ ပါလာဦးမှာ မလွဲဘူးလို့လည်း စောင့်ကြည့် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG