သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အခြေအနေ ပြောင်းပေမဲ့ တရုတ်ရဲ့ မြန်မာမူဝါဒ မပြောင်းလဲ


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ရဲ့ တတိယနေ့ ဒီနေ့မှာ တရုတ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝူဘန်ဂေါ် (Wu Bangguo) နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မစ္စတာဝူက ဘေကျင်းမြို့တော်မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တရုတ်၊ မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့်တာကို ရည်ညွှန်းပြီး မစ္စတာဝူက တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ မိတ်ဆွေဟောင်းတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မနေ့ကလည်း တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jiantao) က အဲဒီ ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးမှာပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လက်ခံတွေ့ဆုံခဲ့ပြီး နိုင်ငံတကာက စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်လိုပဲ ဝေဖန်နေပါစေ၊ တရုတ်ကတော့ အပြည့်အ၀ ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာ အခြေအနေတွေ ပြောင်းသွားပေမဲ့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထား မပြောင်းဘူးလို့လည်း တရုတ်သမ္မတက ပြောခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စနေနေ့ မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာမီ ၂၀၁၀ ရှန်ဟိုင်း ကုန်စည်ပြပွဲကို သွားပြီးတဲ့နောက် တရုတ်စီးပွားရေး အချက်အချာ ဒေသဖြစ်တဲ့ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ရှန်ဇန်းမြို့ကိုလည်း သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်စဉ် အတွင်း မြန်မာစစ်အစိုးရနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြင် အခြား ကုန်သွယ်ရေးစာချုပ် တော်တော်များများကိုလည်း ချုပ်ဆိုခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးလာတာဟာ မြန်မာပြည်သူတွေအတွက် လက်တွေ့ အကျိုးခံစားခွင့်တော့ နည်းလွန်းတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေး စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

XS
SM
MD
LG