သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ပြေလည်ဖို့ တရုတ်လိုလား


မြန်မာနယ်စပ်မှာ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တရုတ်အစိုးရက ထောက်ခံမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတက ပြောကြားလိုက်တာဟာ တိုင်းရင်းသား အင်အားစုတွေ အပေါ်မှာ စစ်အစိုးရ အနေနဲ့ ထင်သလို နှိပ်ကွပ်ဖို့ မီးစိမ်းပြလိုက်တာလို့ မယူဆနိုင်တဲ့အကြောင်း မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စဆိုင်းဘာ့ဂ် (David Steinberg) က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်ခဲ့စဉ်အတွင်း တရုတ်သမ္မတက အဲဒီလို ပြောကြားခဲ့တယ်ဆိုပြီး မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာ အထင်အရှား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပါမောက္ခ စတိုင်းဘတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ခရီးစဉ် အပြီးမှာ တရုတ်အစိုးရဘက်က နယ်စပ်ရှိ မြန်မာအစိုးရ ဆန့်ကျင်သူများကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေထဲမှာ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) က နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်မယ့် လှုပ်ရှားမှုများနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို လုပ်မယ့် ဘယ်အဖွဲ့အစည်းကိုမဆို လက်ခံမှာ၊ ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

အခုလို မြန်မာ ထိပ်ဆုံးခေါင်းဆောင်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာ တရုတ်၊ မြန်မာ နယ်စပ်ဒေသက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအကြောင်း သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြတာက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။ ဘာကြောင့်မို့ အခုလို အလေးအနက်ထားပြီး ဖော်ပြရပါလဲလို့ အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်း တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်ကို မေးကြည့်ခဲ့ပါတယ်။ သူက အခုလို ဖော်ပြရတာဟာ နယ်စပ်က အဖွဲ့တွေကို သူတို့အနေနဲ့ တရုတ်ကို အားကိုးလို့ မရဘူးလို့ သတိပေးလိုက်တာလို့ အခုလို ပြောပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်။
မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်။

“မြန်မာအစိုးရဘက်က ဒီသတင်းကို သူတို့ရဲ့ သတင်းစာထဲမှာ ဖော်ပြလိုက်တာဟာ တိုင်းရင်းသား တပ်ဖွဲ့တွေ အနေနဲ့ မြန်မာအစိုးရနဲ့ သဘောတူညီမှု မရရင် တရုတ်အစိုးရရဲ့ အကူအညီရဖို့ အားကိုးလို့မရဘူး ဆိုတာ ပြောချင်လို့ ဖြစ်ပါတယ်။”

အခုလို သတိပေးလိုက်တာဆိုရင် မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး အစီအစဉ်ကို လက်မခံတဲ့ အပစ်အခတ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို မြန်မာအစိုးရ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ တရုတ်အစိုးရက မြန်မာအစိုးရကို အားပေးလိုက်တယ်လို့ ယူဆနိုင်ပါသလားလို့ မေးခဲ့ပါတယ်။ ပါမောက္ခ စတိုင်းဘာ့ဂ်က အဲဒီလို သူ မထင်ဘူး၊ တရုတ်သမ္မတက အခုလို ပြောလိုက်တာက တရုတ်နယ်စပ်မှာ တည်ငြိမ်မှုရှိဖို့ အဓိက ပြောလိုတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“တရုတ်အနေနဲ့ သူ့နယ်စပ်မှာ တည်ငြိမ်မှုရှိဖို့ လိုတယ်။ ဒီနယ်စပ်မှာ ၀၊ အထူးသဖြင့် ကချင်တို့ရဲ့ လှုပ်ရှားမှုတွေ ဖြစ်လာရင် တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်သွားနိုင်တယ်။ မြောက်ကိုရီးယားမှာရော မြန်မာပြည်မှာပါ တရုတ်ရဲ့ အကျိုးစီးပွားဟာ အတူတူပါပဲ။ အဲဒါက တည်ငြိမ်ရေးပါ။ ဒုက္ခသည်တွေ ထွက်လာတာ မလိုချင်ဘူး။ ဒီတည်ငြိမ်မှုရှိဖို့က တရုတ်အတွက် အရမ်း အရေးကြီးပါတယ်။

“မြန်မာနယ်စပ်ကနေ ပိုက်လိုင်း ၂ ခု ဖြတ်ဖို့ ရှိပါတယ်။ ကချင်မှာဆို ဆည်တွေ တည်ဆောက်ဖို့ ရှိပါတယ်။ တိုင်းရင်းသား ပြဿနာကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာရင်၊ တိုက်ပွဲတွေ ပြန်ပြီး ဖြစ်လာရင် ဒီလုပ်ငန်းတွေကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ဒီလို မတည်မငြိမ် ဖြစ်လာမှာကို တရုတ်အစိုးရက လုံးဝ မလိုလားပါဘူး။”

အဲဒီလို တည်ငြိမ်မှုရအောင် တရုတ်က ဘယ်လို ကြိုးစားနေပါသလဲ ဆိုတာကိုတော့ တရုတ်အနေနဲ့ ကြားထဲက ၀င်ပြီး ညှိနှိုင်းထားတဲ့ အဖြေတခုရဖို့ ကြိုးစားနေတယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က ဆက်ပြောပါတယ်။

“ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ တရုတ်သတင်းရပ်ကွက်တွေ အဆိုအရတော့ တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားတပ်တွေ အကြား အပေးအယူ ညှိနှိုင်းထားတဲ့ သဘောတူညီချက်မျိုး ရလာဖို့ ကြားက၀င် ကြိုးစားပေးနေတယ် ဆိုတဲ့ အချက်ပါပဲ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အိန္ဒိယလို အိမ်နီးချင်း အင်အားကြီးနိုင်ငံ တခုကို လည်ပတ်အပြီး မကြာခင်မှာပဲ အခု တရုတ်လို အင်အားကြီးတဲ့ နိုင်ငံတခုကို ထပ်လည်ပတ်လိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုလို လည်ပတ်တာဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက် လုပ်မယ့် ရွေးကောက်ပွဲ မလုပ်ခင်နဲ့လည်း တိုက်ဆိုင်နေတာမို့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံ အနေနဲ့ ထောက်ခံပေးဖို့ ဗိုလ်ချုပ်မှူးကြီးက ကြိုးစားခဲ့ပုံ ရပါတယ်။ တရုတ်ဘက်ကတော့ နိုင်ငံတကာ အနေနဲ့ ရွေးကောက်ပွဲကို မဝေဖန်ကြဖို့ တရားဝင် ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို မြန်မာအစိုးရ အနေနဲ့ အဆင်ပြေ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ တရုတ်သမ္မတက ယုံကြည်ကြောင်း မြန်မာအစိုးရ သတင်းစာမှာ ဆက်ဖော်ပြခဲ့ပါတယ်။ မနေ့က မြန်မာအစိုးရထုတ် သတင်းစာတွေထဲမှာလည်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) နဲ့ တွေ့ရာမှာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင် လုပ်ဆောင်သွားမယ်လို့လည်း သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုလိုပြောတာကို ဘယ်လို ယူဆနိုင်ပါသလဲလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ Earth Rights International အဖွဲ့က ကိုကဆောဝါးကို မေးကြည့်တော့ သူက ပါးစပ်က အခုလိုပြောတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာတော့ စောင့်ကြည့်ရမယ့် ကိစ္စပါလို့ ဆိုပါတယ်။

“တရုတ်အစိုးရရော၊ မြန်မာပြည် အစိုးရရော ဒီလိုအမြင်တွေ ရှိတာက ကျနော်တို့အတွက် ကောင်းတယ်လို့တော့ ယူဆပါတယ်။ ဒါပေမဲ့ ဒေသတခုမှာ သူတို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေ လုပ်သွားမယ်၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် သူတို့ ကြိုးစားသွားမယ်လို့ ပြောရုံသက်သက်ပဲ ရှိပြီးတော့ လက်တွေ့မှာ မလုပ်ခဲ့တာကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ တခြားဒေသမှာပဲဖြစ်ဖြစ် သူတို့လုပ်ခဲ့တာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်မှု မရှိဘဲ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေတာ ကျနော်တို့ မြင်တွေ့ရပါတယ်။”

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ၁၉၉၀ နှစ်တွေနဲ့စာရင် အခု အဆပေါင်းများစွာ တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG