သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် တရုတ်က ဒေါ်လာသန်း ၄,၀၀၀ ချေး


တရုတ်အစိုးရက မြန်မာစစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၄,၀၀၀ ကျော်နဲ့ ညီတဲ့ တရုတ်ယွမ်ငွေတွေကို အတိုးမဲ့ ထုတ်ချေးဖို့ သဘောတူညီလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မကြာခင်က သွားခဲ့တဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း အခုလို သဘောတူညီခဲ့တာလို့ အေးရှား နယူးစ် သတင်းအေဂျင်စီမှာ ဖော်ပြထားတာပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် တဘက်က ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်က တရုတ် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာ့အရေး တွန်းအားပေးဖို့ ကြိုးစားနေတဲ့ အချိန်မှာ တရုတ်နိုင်ငံက အခုလို ချေးငွေ အမြောက်အမြား အတိုးမဲ့ ချေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ချေးငွေကြောင့် ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ်ဘဲ စစ်အစိုးရအာဏာ ပိုခိုင်မာလာမှာ ဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ဘီလီယံပေါင်း ၃၀ ကို မြန်မာစစ်အစိုးရကို အတိုးမဲ့ ချေးမယ်လို့ အခုလ စောစောပိုင်းက တရုတ်ပြည်ကို ၅ ရက်ကြာခရီးနဲ့ ရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်အတွင်း သဘောတူညီမှု ရခဲ့တာလို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေးရှား နယူးစ် သတင်းမှာ မနေ့က ဖော်ပြထားတာပါ။

တရုတ်ရဲ့ ချေးငွေတွေဟာ စစ်အစိုးရရဲ့ နိုင်ငံရေး အားကောင်းဖို့အရေး သုံးစွဲနိုင်ဖို့ ထောက်ပံ့သလို ဖြစ်နေတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေတဲ့ NLD လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ယူဆပါတယ်။

“တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ထုတ်ချေးရတဲ့ အကြောင်းရင်းက နအဖအတွက် ကြိုက်သလို သုံးစွဲနိုင်တယ်၊ နအဖရဲ့ နိုင်ငံရေး တည်ငြိမ်မှု အတွက်ကို သုံးစွဲမှာ ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ ပြည်သူတွေအတွက် တကယ်တမ်း ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူတွေရဲ့ဘ၀ ပိုပြီးတော့ ကောင်းလာဖို့ဆိုတာ စောင့်ကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ပေါ်မှာ ချေးတဲ့ တရုတ်ရဲ့ စာချုပ်စာတမ်းတွေကို ကျနော်တို့ မျက်မြင် တွေ့ရှိထားရတာတော့ ဘာမှ ကန့်သတ်ချက်၊ ကြိုတင် သတ်မှတ်ချက်ဆိုတာ မတွေ့ရပါဘူး။”

တရုတ်ရဲ့ ချေးငွေတွေဟာ တိုင်းပြည်အတွက် ချေးတာဖြစ်လို့ ပြည်သူတွေ အနေနဲ့ ဒီငွေတွေနဲ့ ဘာလုပ်မလဲဆိုတဲ့ စစ်အစိုးရရဲ့ အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း သိသင့်တယ်လို့လည်း ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ ဒီပိုက်ဆံတွေဟာ နအဖက ချေးပေမဲ့လည်း ကျနော်တို့ မြန်မာပြည်သူတွေ ပြန်ဆပ်ရမယ့်ပိုက်ဆံ ဖြစ်ပါတယ်။ ဒီပိုက်ဆံချေးတာက တိုင်းပြည်အတွက် ချေးတာ ဖြစ်ပါတယ်။ နအဖရဲ့ ပုဂ္ဂိုလ် တဦးတယောက်အတွက် ချေးတဲ့ပိုက်ဆံ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့ သားစဉ်မြေးဆက် တရုတ်အစိုးရကို ပြန်ဆပ်ရမယ့် ပိုက်ဆံတွေက ကျနော်တို့ ပြည်သူတွေ တကယ်တမ်း ဘယ်ကချေးတယ်၊ ဘယ်နေရာမှာ သုံးတယ်၊ ဘာလုပ်မယ်ဆိုတာ သိသင့်တယ်လို့ ကျနော် ထင်ပါတယ်။”

တရုတ်ရဲ့ ဒေသတွင်း နိုင်ငံတွေအပေါ် သြဇာသက်ရောက်ရေး ဆောင်ရွက်မှုတွေကို မြန်မာစစ်အစိုးရက အခွင့်အရေးယူပြီး အသုံးချလိုက်တဲ့ အချက်ပဲလို့လည်း ဦးညိုအုန်းမြင့်က ယူဆပါတယ်။

“တရုတ်အစိုးရက နေပြီးတော့ သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ သူ့ရဲ့ သြဇာအာဏာ သက်ရောက်ဖို့ အတွက်ကို နိုင်ငံတကာမှာ အတတ်နိုင်ဆုံး၊ အဆင်အပြေဆုံး လုပ်ဆောင်လေ့ ရှိပါတယ်။ နိုင်ငံတကာမှာ ချဉ်းကပ်တဲ့နေရာမှာ သူ့ရဲ့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ထောက်ပံ့မှု ပေးတဲ့ဟာတွေ ရှိပါတယ်။ ဒီအချက်ကို နအဖအစိုးရက အခွင့်ကောင်း ယူပြီးတော့ အသုံးချတယ်လို့ ကျနော် ထင်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့ အချိန်မှာ တရုတ်ရဲ့ ငွေကြေးကူညီမှုတွေ အမြောက်အမြား စစ်အစိုးရကို ပေးလာတာဟာ တရုတ်နဲ့ အနောက်နိုင်ငံ အစိုးရတွေအကြား ထိပ်တိုက်တွေ့ဖို့ အခြေအနေ ဖန်တီးလာတာပဲလို့လည်း ဆိုပါတယ်။

“တရုတ်အစိုးရ အနေနဲ့ ဒါ ပထမဆုံး အနောက်နိုင်ငံတွေကို စစ်အေးကာလ နောက်ပိုင်း အရှေ့တောင်အာရှမှာ ဒါ စိန်ခေါ်မှု တရပ်လို့ ကျနော် ထင်ပါတယ်။”

တရုတ်အစိုးရဘက်က နှစ်ပေါင်း ၃၀ စာချုပ်နဲ့ ထုတ်ချေးဖို့ သဘောတူလိုက်တဲ့ ငွေတွေဟာ ရေအားလျှပ်စစ် စီမံကိန်းတွေ၊ ကားလမ်းနဲ့ ရထားလမ်း ဖောက်လုပ်ရေးတွေနဲ့ သတင်းနဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေမှာ သုံးစွဲရေးအတွက် ဆိုပြီး အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရဲ့ အရာရှိတဦးက ပြောတယ်လို့ အေးရှား နယူးစ် သတင်းမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ လောကမှာတော့ မြန်မာစစ်အစိုးရက ပြည်သူတွေအတွက် ဒီငွေတွေကို အပြည့်အ၀ အသုံးမချမှာကို စိုးရိမ်နေကြပါတယ်။ အခုချိန်ထိတော့ တရုတ်ရဲ့ ချေးငွေတွေနဲ့ တိုင်းပြည်အတွက် ဘယ်လိုလုပ်ငန်းတွေမှာ သုံးစွဲမလဲ၊ လုပ်ကိုင်မလဲ ဆိုတာကို စစ်အစိုးရဘက်က ရှင်းရှင်းလင်းလင်း ထုတ်မပြောသေးပါဘူး။ တရုတ်ဆီက အတိုးမဲ့ ချေးငွေတွေ အမြောက်အမြား ရတဲ့အကြောင်းကိုလည်း ပြည်သူတွေကို အသိပေး ပြောဆိုတာတွေ မရှိသေးပါဘူး။

XS
SM
MD
LG