သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် မြန်မာခရီးစဉ် အဆုံးသတ်


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) ဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့သလို နေပြည်တော်မှာ ကျင်းပမယ့် တရုတ်၊ မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အခမ်းအနားကိုလည်း တတ်ရောက်ဖို့ ရှိပါတယ်။ တရုတ်၊ မြန်မာ ဆက်ဆံရေးမှာ တရုတ်နိုင်ငံဘက်က ကိုယ်ကျိုးစီးပွား အဓိကထားခဲ့တယ်လို့ လေ့လာသူအချို့က ယူဆသလို တရုတ်၊ မြန်မာ ဆက်ဆံရေး သမိုင်းဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်စေတယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

လက်ရှိ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးမှာ အဓိကကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ များပါတယ်။ ဒါကြောင့် ခရီးစဉ်ရဲ့ ဒီနေ့မှာတော့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် ၁၅ ခုကို တရုတ်၊ မြန်မာ ကိုယ်စားလှယ် နှစ်ဘက် လက်မှတ်ထိုးခဲ့ကြပါတယ်။ တရုတ်ဘက်က တရားဝင် ထုတ်ပြန်ချက်မှာတော့ နှစ်ဘက် သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ ဖြစ်တယ်လို့ ဖော်ပြတဲ့အကြောင်း တရုတ်နိုင်ငံက မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တရားဝင် ပြောကြားချက် အရကတော့ တရုတ်နဲ့ ဗမာပြည် သံတမန် ဆက်ဆံတာ အနှစ် ၆၀ မြောက် အထိမ်းအမှတ်ပွဲကို သွားတက်တာလို့ ပြောပါတယ်။ အဲဒါကတော့ သူတို့ပြောတဲ့ စကားပေါ့။ တကယ့်တကယ်တော့ တခြားဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့၊ လုံခြုံရေးနဲ့ ပတ်သက်လို့။”

အခု မကြာသေးခင် လပိုင်းတွေအတွင်းက ဖြစ်ခဲ့တဲ့ နယ်စပ်ပြဿနာနဲ့ ပတ်သက်လို့ရော ဆွေးနွေးဖွယ် ရှိလားခင်ဗျ။

“အဲဒါကတော့ မုချပါမှာပါ။ လုံခြုံရေး ပြဿနာဆိုတာ အဲဒါကို ပြောတာပါ။”

တရုတ်ဝန်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေး အပြောင်းအလဲကိစ္စကို တိုက်ရိုက်မပြောတောင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကိုတော့ ပြောဆိုနိုင်တယ်လို့ ဒေါက်တာ လှကျော်ဇောက ယူဆပါတယ်။

“သူတပါးရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့ မူအပေါ်မှာပဲ သူက ရပ်မှာပဲ။ အဲတော့ ဗမာပြည်နဲ့ ပတ်သက်လို့ သူတို့ အခြေခံမူ ထားပြီးသားရှိတယ်၊ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ပတ်သက်လို့။ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးဖို့ကိစ္စ၊ ဒါတွေတော့ ပြောမှာပါ။”

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ ဒီကနေ့ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံသလို မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ တရုတ်၊ မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့် အခမ်းအနားကိုလည်း နေပြည်တော်မှာ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့အတူ ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။ တရုတ်၊ မြန်မာ နှစ် ၆၀ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်း ကျော်လွှားခဲ့ကြတယ်လို့ သတင်းစာဆရာဟောင်း ဦးသာဘန်းက ပြောပါတယ်။

“၅၈ ခုနှစ်တုန်းက ဖိမော်၊ ဂေါ်လန်၊ ဂန်ဖန်ကိစ္စ ဖြစ်တယ်ဗျ။ ဒီကိစ္စ ဖြေရှင်းတဲ့အနေနဲ့ ကျနော်တို့က ဖိမော်၊ ဂေါ်လန်၊ ဂန်ဖန်ကို ပေးလည်း သူတို့ဘက်ကလည်း သူတို့ ပေးရတဲ့ဟာတွေ ရှိတယ်ပေါ့။ ဒီဟာတွေကတော့ သမိုင်းက ကျန်ရစ်ခဲ့တဲ့ အကြွေးတွေပေါ့ဗျာ။ ၁၉၆၇ မှာ တရုတ်၊ ဗမာ အရေးအခင်း ဖြစ်တယ်။ အဲဒီအချိန်တုန်းက ဗမာပြည်မှာ ဆန်ရှားပြီး ဆန်ပြဿနာ ပေါ်နေတဲ့ အချိန်မှာ တရုတ်၊ ဗမာ အရေးအခင်းဆိုပြီး အဲဒီမှာတော့ တရုတ်တွေလည်း တော်တော် သေကြတယ်ပေါ့ဗျာ။ အပြင်းထန်ဆုံး ပဋိပက္ခပေါ့ဗျာ။ အဲဒါပြီးတော့ နှစ်ဘက်စလုံးက ပြေလည်အောင် ကြိုးစားပြီးတော့ ပြေလည်ခဲ့ကြတယ်ပေါ့ဗျာ။”

ဒေါက်တာ လှကျော်ဇောကတော့ တရုတ်၊ မြန်မာ ဆက်ဆံရေး အဖုအထစ်တွေ၊ ချောမွေ့မှုတွေဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေရဲ့ ရောင်ပြန်ဟပ်မှု ဖြစ်တယ်လို့ ယူဆပါတယ်။

“ဒီ နှစ် ၆၀ ခရီးက တခုရှိတယ်လေ၊ ကမ္ဘာ့အခြေအနေ တခုလုံးနဲ့ သက်ဆိုင်ပါတယ်။ ကမ္ဘာ့အခြေအနေ တခုလုံးပေါ်မှာ မူတည်ပြီး တရုတ်ပြည်ရဲ့ သေနင်္ဂဗျူဟာ အပြောင်းအလဲပေါ်မှာ ကျမတို့နဲ့ ဆက်ဆံရေးတွေလည်း အပြောင်းအလဲတွေ ဖြစ်တာပါ။ ကျမတို့ ဗမာပြည်နဲ့တင် မဟုတ်ဘူး၊ သူ့ရဲ့ ဆက်ဆံရေးက ကြာလေ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး တော်တော် ပြေပြစ်လာအောင် သူ ကြိုးစားပန်းစား တည်ဆောက်လာတာပဲ။”

သတင်းစာဆရာ ဦးသာဘန်းကတော့ တရုတ်၊ မြန်မာ ဆက်ဆံရေးမှာ သတိထားစရာတွေ ရှိတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ ဒေသတွင်းကိုရော မြန်မာနိုင်ငံကိုပါ လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းတယ်လို့ သူက မြင်ပါတယ်။

“ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ ကျနော် ကမ္ဘာ့ကျောင်းသား ညီလာခံကို ၅၈ ခု စက်တင်ဘာမှာ သွားတယ်ဗျ။ အဲဒီအချိန်တုန်းက တရုတ်က ဟန်ယဉ်ကျေးမှု၊ ဟန်ဆိုတဲ့ တရုတ်လူမျိုးကြီး ဝါဒကို လွှမ်းမိုးနေအောင် လုပ်တာပဲဗျ။ နောက်တခါ ၇၃ ခုနှစ်မှာ သတင်းစာဆရာ အနေနဲ့ ကျနော်တို့ ရောက်သွားတယ်။ အဲဒီအချိန်မှာလည်း ကျနော် နယ်တွေရောက်တယ်ပေါ့ဗျာ၊ အများကြီး။ အဲဒီမှာလည်း သူတို့က ဟန်ကြီးစိုးရေးပဲ။ အဲဒီလို အနေအထားမှာ တရုတ်က ဗမာကိုလည်း ကြီးစိုးချင်တယ်ဗျ။ တရုတ်က သူတို့ ကြီးစိုးနိုင်မယ့်၊ ကြီးစိုးရေးအတွက်ဆိုရင် ကျနော်တို့ကို ကျွန်ပြုမှာပဲဗျ။”

တရုတ်နိုင်ငံဟာ တချိန်က မြန်မာအစိုးရနဲ့ ထိပ်တိုက်ဖြစ်နေတဲ့ ကာလတွေမှာ မြန်မာအစိုးရအတွက် အဓိက အတိုက်အခံ ဖြစ်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို အတော်လေး အကူအညီတွေ ပေးခဲ့ပါတယ်။ တိုက်ရိုက်လည်း ဆက်ဆံခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ စစ်အစိုးရနဲ့ နီးနီးစပ်စပ် ဆက်ဆံပေမဲ့ အတိုက်အခံတွေ၊ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ ခပ်လှမ်းလှမ်းမှာ နေခဲ့ပါတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရစဉ်တုန်းကတော့ တရုတ်သံအမတ်ကြီး ကိုယ်တိုင် အဖွဲ့ချုပ်ရုံးကို လာရောက် နှုတ်ဆက်ခဲ့ဖူးတာတော့ ရှိပါတယ်။ တကယ်တော့ တရုတ်အစိုးရရဲ့ မူဟာ မြန်မာနိုင်ငံမှာ တက်လာသမျှ အစိုးရနဲ့ ပြေလည်အောင် ဆက်ဆံဖို့ ဖြစ်တယ်လို့ ဒေါက်တာ လှကျော်ဇော်က မြင်ပါတယ်။

ဒီလိုဆက်ဆံမှုမျိုးဟာ ကိုယ်ကျိုးကြည့်ဝါဒ ဖြစ်တယ်လို့ ဦးသာဘန်းက ယူဆပါတယ်။

တရုတ်၊ မြန်မာ သံတမန် ဆက်ဆံရေးကို ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ တရားဝင် စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရတာကို ကြည့်ရင် တရုတ်နဲ့ မြန်မာ အပြန်အလှန် ဆက်ဆံရေးဟာ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေတယ်ဆိုတာ ပြနေတယ်လို့ တရုတ်ဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောဆိုခဲ့တယ်လို့ တရုတ်ပိုင် ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။

XS
SM
MD
LG