သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ နယ်စပ်ဂိတ်တခုပိတ်


တရုတ်၊ မြန်မာ နယ်စပ်ဂိတ်တခုပိတ်

တရုတ်၊ မြန်မာနယ်စပ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီးက ကုန်အ၀င်အထွက် ဂိတ်ကို မြန်မာအာဏာပိုင်တွေက ဒီကနေ့ ပိတ်လိုက်ပါတယ်။ ဒီလို ပိတ်ပင်မှုကြောင့် KIO ရဲ့ စီးပွားရေးသာမက လူထုရဲ့ စီးပွားရေးပါ ထိခိုက်လိမ့်မယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ KIO အဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တခု ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မနူးပန်က သတင်းပို့ထားပါတယ်။

ဒီကနေ့မှာပဲ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးက မြန်မာစစ်အစိုးရတပ် လဂျားယန် ဂိတ်ကြီးကနေ လိုင်ဇာက တရုတ်ကုန်ပစ္စည်း တင်သွင်းခွင့် အကန့်သတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပိတ်ပင်တာဟာ ဒီတပတ် တနင်္လာနေ့ညနေမှာ မြန်မာစစ်တပ် နဖော့ဘွမ် အခြေစိုက် ဒု-ဗိုလ်မှူးကြီး လှထွန်း ဦးဆောင်တဲ့ ခမရ ၃၂၁ ခြေမြန်တပ်ရင်းက တပ်သားတွေက မနီးမဝေး မြင်နေရတဲ့ KIA တပ်မ အခြေစိုက်တဲ့ ဖာလပ်ဘွမ်ကို KIO သတ်မှတ်ထားတဲ့ နေရာထက် တမိုင်ကျော် ကျူးကျော်ဝင်လာရာမှာ လုံခြုံရေးမိုင်းထိပြီး ၂ ယောက် ဒဏ်ရာရ၊ ၁ ယောက် သေဆုံးမှုဖြစ်ပြီး ပိတ်ပင်လာတာ ဖြစ်ပါတယ်။

အခုလို တပ်သားတွေ ထိခိုက်မှုနဲ့ ပတ်သက်ပြီးလည်း ဒီကနေ့မှာ မြစ်ကြီးနားက ဗျူဟာမှူးလည်း လာရောက်စစ်ဆေးမှု ခရီးစဉ်နဲ့အတူ ဂိတ်မှာလည်း ကုန်ဝင်ခွင့်ကို ဒီမနက် ၆ နာရီကနေ ပိတ်လိုက်တာဖြစ်ပြီး ဘယ်အချိန် ပြန်ဖွင့်မယ်လဲ မသိရတဲ့အတွက် ကုန်ကားသမားတွေက အခက်တွေ့နေကြတယ်လို့ လဂျားယန် ဒေသခံတယောက်က ကချင်လို ပြောပါတယ်။

“လိုင်ဇာက ထွက်လာတဲ့ ကားတွေအားလုံး လုံးဝ တရုတ်ပစ္စည်း မတင်ခိုင်းဘူး။ ကားတွေ ကိုယ်အလွတ်တွေပဲ။ နောက်ပြီး စိုက်ခင်းအလုပ်သမား တရုတ်တွေကိုလည်း လုံးဝ မ၀င်ခိုင်းဘူး။ အထက်က ပိတ်ထားတာလို့ ပြောတယ်။ လ၀ကကို မေးကြည့်တော့ အထက်က အမိန့်လို့ ပြောတယ်။ ပြောတာတော့ မနေ့ကကတည်းကတဲ့။ ကားသမားတွေ ဒီနေ့မှာ ပစ္စည်းတင်လို့ မရတော့ဘူး၊ ဘာမှမတင်နဲ့လို့ ပြောတယ်တဲ့။ တချို့ကိုတော့ တပတ်လောက် ကြာမယ်ပြောပြီး တကယ် ဘယ်လောက်ထိကြာအောင် ပိတ်မယ်ဆိုတာလည်း မသိဘူး။”

KIO ကတော့ သူတို့နယ်မြေထဲ ကျူးကျော် ၀င်ရောက်လာပြီး အခုလို ဖြစ်လာအောင် စစ်အစိုးရက စမ်းသပ်တဲ့ သဘောနဲ့ အခုလို ဖြစ်ပွားခဲ့ပြီး နောက်မှာလည်း ပိုမို တင်းမာလာနိုင်ဖွယ် ရှိတယ်လို့ အရာရှိတွေက ပြောဆိုနေပါတယ်။

တရုတ်ကုန်တွေ ကချင်ပြည်နယ်တွင်း ၀င်ခွင့် ပိတ်လိုက်တာ နောက်ဆက်တွဲ စစ်အစိုးရနဲ့ KIO ရဲ့ ဆက်ဆံရေး တဖြည်းဖြည်းနဲ့ ပိုမို တင်းမာလာတဲ့ သဘောနဲ့ KIO ရဲ့ စီးပွားရေး ထိခိုက်စေတဲ့အတွက် ပိတ်တာဖြစ်ပေမဲ့ လူထုကို ပိုထိခိုက်စေတယ်လို့ တရုတ်နယ်စပ်က ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါက ပြောပါတယ်။

“ဒီဟာတွေက တဖြည်းဖြည်းနဲ့ နအဖကနေ KIO ကို ဖိအားပေးလာတဲ့ သဘောမျိုး ဖြစ်တယ်။ ကုန်စည် အသွားအလာ ပိတ်ပင်တဲ့ နောက်ပိုင်းတော့ အထူးသဖြင့် ကချင်ပြည်သူလူထုက အခက်အခဲနဲ့ ကြုံနေရမယ်၊ ကုန်ပစ္စည်းတွေ ရှားပါးလာမယ်၊ ပစ္စည်းတွေ ဈေးတက်လာမယ်။ နောက်တခုက ကချင်ပြည်မှာ ရထားလမ်း တခုတည်းကိုသာ ပြည်မနဲ့ အဆက်အသွယ် ရှိနေတယ်။ ကားလမ်းက အနည်းအကျဉ်းပဲ ရှိတယ်ဆိုတော့ ပစ္စည်း အသွားအလာတွေက ပိုမို ခက်ခဲလာမယ်။

“ကုန်စည်ပိတ်ပင်တာကြောင့်မို့ KIO ကိုတော့ သိပ်ကြီး ထိခိုက်မှုတော့ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူက နယ်စပ်နဲ့ အဓိက အသွားအလာတွေ ရှိနေတယ်။ နောက်တခုက ကုန်ပစ္စည်းလည်း သူ့ဟာနဲ့သူ အသွားအလာတွေ ရှိနေတယ်။ အဓိက ထိခိုက်မှာကတော့ ပြည်သူလူထုကိုပဲ ဖြစ်ပါတယ်။”

ဒီတပတ်အတွင်းမှာပဲ KIO နယ်မြေထဲ အ၀င်အထွက်ရှိနေတဲ့ ကုန်ကားတွေကို မြန်မာစစ်အစိုးရ ဂိတွေက ဖမ်းဆီး စစ်ဆေးနေပြီး ၇ စီးထက်မနည်းလည်း ဖမ်းဆီးလိုက်ပြီလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် လက်မခံတဲ့ KIO ကို စက်တင်ဘာလက စလို့ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ သွားလာမှုတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အဖမ်းအဆီးတွေ ရှိလာတာတွေ တဆက်တည်း ဖြစ်လာပြီး အခုနောက်ဆုံး ကြားနေရတာကတော့ မြန်မာနိုင်ငံမှာ ရှိသမျှ KIO ရဲ့ ဆက်သွယ်ညွှန်ကြားရေး ရုံးတွေကို ၃ နေရာကလွဲလို့ ၃၀ ခန့်ကိုလည်း ဒီကနေ့ နောက်ဆုံး ရုပ်သိမ်းခိုင်းလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ KIO စစ်ဖြစ်မဖြစ် အခြေအနေကိုတော့ စစ်အစိုးရ တပ်ဘက်မှာ ပိုပြီး မူတည်နေပြီး လောလောဆယ်မှာတော့ KIO ဘက်က ပိုမိုသတိထား စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

XS
SM
MD
LG